BREAKING
December 23, 2024

အခါပျက်ချိန် ထားဝယ်မြို့သစ် မြေလုသူများ

June 17, 2024

ပုံစာ - မြေယာပိုင်ဆိုင်မှုအငြင်းပွားသည့် ပြဿနာမှာ တရားရုံးတွင် ဖြေရှင်းဆဲဖြစ်သော်လည်း ကရင်တိုင်းရင်းသားရေးရာဝန်ကြီး၏ ကိုယ်ရေးအရာရှိဖြစ်သူ ဦးအောင်ဆွေဦးမှာ လယ်စောင့်တဲအပါအဝင် ထိုမြေပေါ်တွင် ဆောက်လုပ်ထားသော တဲများကို မြေတူးစက်ဖြင့်ထိုးကာ ဖျက်ဆီးပစ်ခဲ့သည်။

[Dawei Watch ကစုံစမ်းဖော်ထုတ် ရေးသားသည်]

ထားဝယ်မြို့နှင့် အနီးဝန်းကျင်များတွင် စစ်ပူနေချိန် လူတစ်စုမှာ မြို့ပေါ်မြေလုရင်း အလုပ်များလျက်ရှိသည်။ တရားစွဲဖျက်ဆီးခံရသူများမှာ ရှေ့နေရှေ့ရပ်ပင် ငှားရန် အခွင့်မသာ ကြုံနေရသည်။

ထားဝယ်မြို့သစ်ရှိ တောင်သူများပိုင်မြေများဖြစ်သော ဒေါ်ရီရီထွေး မိသားစု၏မြေကို DDPC (ထားဝယ်ဖွံ့ဖြိုးရေးအများပိုင်ကုမ္ပဏီ) လည်းကောင်း၊ ဦးကြူလွင်၏မြေကို ကရင်လက်နက်ကိုင်အဖွဲ့ တစ်ခုဖြစ်သည့် DKBA အဖွဲ့ကလည်းကောင်း၊ ဦးတိုးမောင်၏မြေကို စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးတစ်ဦးကလည်းကောင်း ၎င်းတို့ပိုင်ဟုဆိုကာ တရားစွဲထားသည်။

စစ်ကောင်စီခန့် တနင်္သာရီတိုင်း ကရင်တိုင်းရင်းသားရေးရာဝန်ကြီး စောမာတင်လူသာကလည်း မြို့သစ် ၇ လမ်းအနောက်ဘက် ထားဝယ်မြစ်နှင့် ကပ်လျက်ရှိသည့် မြေနေရာတစ်ခုကို သူပိုင်ဆိုင်သည်ဟုဆိုကာ သိမ်းယူရန် ကြိုးစားနေသည်။

အဓမ္မအပိုင်သိမ်းနိုင်ရန် အားထုတ်ကြိုးစားနေသည့် ယင်းနေရာတွင် ဟိုတယ်လုပ်ငန်း လုပ်ကိုင်ရန်လည်း ပြင်ဆင်လျက်ရှိသည်။

စစ်ကောင်စီလက်ဝေခံများ၏ မြေအရှုပ်တော်ပုံ

၂၀၁၀ ပြည့်နှစ် မတိုင်မီ စစ်အစိုးရ လက်ထက်က သိမ်းဆည်းပြီး မြို့မြေအဖြစ် ခွင့်ပြုခဲ့သည့် ထားဝယ်မြို့သစ်က လယ်ယာမြေများမှာ အစိုးရဆက်ဆက် ခေါင်းခဲရသည့် ပြဿနာတစ်ခုဖြစ်ခဲ့ပြီး ဦးသိန်းစိန် အစိုးရနှင့် NLD အစိုးရလက်ထက်များတွင် ပြေလည်အောင် မဖြေရှင်းနိုင်ဘဲ လိပ်ခဲတည်းလည်း ကျန်နေခဲ့သည်။

ယခု တဖန် စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်ကောင်စီခန့်ဝန်ကြီးများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ မြေပွဲစားများသည် ဌာနဆိုင်ရာများနှင့်ပေါင်းပြီး အငြင်းပွားနေသည့် ထားဝယ်မြို့သစ်ရှိ လယ်ယာမြေများကို သိမ်းပိုက်ရန် ကြိုးစားလာသည်။

ထားဝယ်မြို့သစ်ရှိ သိမ်းဆည်းမြေများအနက် အချက်အခြာကျသောနေရာအချို့ကို ဗိုလ်မှူးခွန်ဌေးကျော်ဆိုသူက မြေပွဲစားများကို ရောင်းချပြီး ထိုမြေပွဲစားတို့က စီးပွားရေးလုပ်ငန်းရှင်များကို ထပ်မံရောင်းချနေခြင်းဖြစ်သည်။

ဗိုလ်မှူးခွန်ဌေးကျော်က မြေပွဲစားတို့ထံ ရောင်းချထားသည့် အချက်အလက်များမှာ အာဏာသိမ်းပြီးနောက်ပိုင်းတွင်မှ ပေါ်လာခြင်းဖြစ်သည်။

ထိုဗိုလ်မှူးမှာ လူမြင်ကွင်းတွင် မတွေ့ရဘဲ ၎င်းအစား အသက် ၆၀ ဝန်းကျင်အရွယ် မြေပွဲစား အမျိုးသမီးတစ်ဦးသာ ရှေ့ထွက်နေခဲ့သည်။

သို့သော် မြေယာဝယ်၊ ရောင်း စာချုပ်များတွင်မူ ရောင်းသူနေရာတွင် ဗိုလ်မှူးခွန်ဌေးကျော်ဆိုကာ လက်မှတ်ရေးထိုးထားသည်။

အငြင်းပွားမြေများ၏ ရာဇဝင်

ပိုင်ဆိုင်မှုအငြင်းပွားနေကြသည့် ထားဝယ်မြို့သစ်ရှိ မြေနေရာသည် ယခင်က လယ်ယာမြေများဖြစ်သည်။ ၁၉၉၀ ခုနှစ်တွင် နဝတ အစိုးရက ထိုနေရာရှိလယ်မြေများကို နိုင်ငံပိုင်သိမ်းဆည်းခဲ့သည်။

သိမ်းဆည်းခဲ့သည့် လယ်ယာမြေပေါင်း ဧက ၁၀၀၀ ကျော်ပါဝင်သည်။ ထိုမြေဧက တစ်ထောင်ကျော်တွင် လက်ရှိ စောမာတင်လူသာနှင့် ဦးအောင်ကြည်မိသားစုဝင်တို့အကြား ပိုင်ဆိုင်မှုအငြင်းပွားနေသည့် မြေနေရာလည်းပါဝင်သည်။

ထို့အပြင် DDPC ကုမ္ပဏီနှင့် ဒေါ်ရီရီထွေး၊ ဦးကြူလွင်နှင့် DKBA လက်နက်ကိုင်တပ်၊ ဦးတိုးလွင်နှင့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးတို့ အငြင်းပွားမြေများလည်းပါဝင်သည်။

နဝတအစိုးရသည် လယ်မြေများကိုသိမ်းဆည်းပြီးနောက် မြို့မြေအဖြစ်ကြေညာပြီး မြေငှားဂရန်များချထားပေးခဲ့ပြီး အချက်အခြာကျသော မြေနေရာများကို စီးပွားရေးလုပ်ငန်းရှင်ကြီးများက ပုံစံအမျိုးမျိုးဖြင့် ရရှိခဲ့သည်။

စောမာတင်လူသာနှင့် ဦးအောင်ကြည်မိသားစုဝင်တို့ အငြင်းပွားနေသော မြေနေရာကိုလည်း သူဌေးတစ်ဦးဖြစ်သည့် ဦးတင်စိုး(ကွယ်လွန်) နာမည်ဖြင့် လူမသိ၊ သူမသိ မြေဂရန်ထွက်ရှိနေခဲ့သည်။ ဦးတင်စိုးထံမှ Green Vision Dawei ကုမ္ပဏီက ပြန်လည်ဝယ်ယူထားခဲ့သည်။

ထိုနည်းအတိုင်းပင် ဒေါ်ရီရီထွေး၊ ဦးတိုးလွင်၊ ဦးကြူလွင်တို့ မြေများလည်း စီးပွားရေးလုပ်ငန်းရှင်များ၊ လက်နက်ကိုင်တပ်ဖွဲ့၊ ဌာနဆိုင်ရာပိုင်မြေများအဖြစ် ဂရန်ထွက်ရှိနေကြသည်။

မူလလုပ်ကိုင်စားသောက်နေသည့် လယ်သမားများမှာ ထိုသို့ဂရန်ထွက်ရှိနေသည်ကို မသိရှိကြပေ။ နောက်ပိုင်း အမှုအခင်းဖြစ်ပွားလာချိန်မှသာ အခြားသူ၏နာမည်ဖြင့် ဂရန်ထွက်နေမှန်းသိခဲ့ကြသည်။

ထိုမြေယာကို သူပိုင်သည်၊ ငါဆိုင်သည်ဟု အငြင်းပွားလာကြသည်မှာ ဦးသိန်းစိန်အစိုးရ၊ NLD အစိုးရလက်ကတည်းပင်ဖြစ်သည်။

ထိုသို့အငြင်းပွားရင်း တရားစွဲ အမှုအခင်းဖြစ်တိုင်း လယ်သမားများသာ ရှုံးနိမ့်ခဲ့ပြီး အချို့လယ်သမားများ ထောင်ကျရသည်အထိ ဖိနှိပ်ခံခဲ့ကြရသည်။

ယင်းတို့အနက် လူသိများ ထင်ရှားသူမှာ ဒေါ်ရီရီထွေးဖြစ်သည်။ အာဏာမသိမ်းမီက ထားဝယ်ခရိုင် တောင်သူလယ်သမားသမဂ္ဂအဖွဲ့၏ ဦးဆောင်သူတစ်ဦးဖြစ်သူ ဒေါ်ရီရီထွေးအပါအဝင် ၎င်းတို့၏ မိသားစုဝင်များမှာ မြေယာအငြင်းပွားမှုနှင့်ပတ်သက်ပြီး ထောင်အကြိမ်ကြိမ်ချခံခဲ့ရသည်။

ထိုအချိန်က မြေယာပိုင်ဆိုင်မှု အငြင်းပွားမှုများတွင် စောမာတင်လူသာ ပါဝင်ခြင်းမရှိသေးပေ။

အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၃ ခုနှစ်တွင်မှ ဦးအောင်ကြည် လုပ်ကိုင်စားသောက်နေသည့် မြေနေရာသည် ၎င်းပိုင်ဆိုင်သည့်မြေဖြစ်ကြောင်း ပြောဆိုလာခဲ့ပြီး မြေယာအငြင်းပွားမှုတွင် ပါဝင်လာခဲ့သည်။

Green Vision Dawei ကုမ္ပဏီမှာ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး စောမာတင်လူသာနှင့် ဝန်ကြီးချုပ်ဦးမြတ်ကိုတို့ ရှယ်ယာပိုင်ဆိုင်သည့် ကုမ္ပဏီဖြစ်ကြောင်း ပြောဆိုမှုများရှိနေသည်။

ပိုင်ဆိုင်မှုအငြင်းပွား

တစ်ဧကကျော်ကျော်ရှိသည့် ထိုနေရာကို ကရင်တိုင်းရင်းသားရေးရာဝန်ကြီးက သူပိုင်မြေဟု ပြောဆိုလာခဲ့ပြီး ထိုနေရာတွင် နေထိုင်သူများကို ထွက်ခွာပေးရန် ၂၀၂၃ ခုနှစ်တွင် လာရောက်ခြိမ်းခြောက်ပြောဆိုခဲ့သည်။

ထိုအချိန်မှစပြီး ထားဝယ်တိုးချဲ့မြို့သစ်၊ ထိန်သစ်ရပ်ကွက် ၇ လမ်းအနောက်ဘက် ထားဝယ်မြစ်နှင့်ကပ်လျက်ရှိသော မြေမှာ ပိုင်ဆိုင်မှုအငြင်းပွားလာခဲ့သည်။

Dawei Watch က စုံစမ်းမေးမြန်းချက်တို့အရ စောမာတင်လူသာသည် ၎င်းပိုင်ဆိုင်သည်ဟု ပြောဆိုနေသော မြေနေရာတွင် ဘိုးဘွားစဉ်ဆက်ဓားမဦးချ လုပ်ကိုင်စားသောက်လာသူ တစ်ဦးရှိနေသည်။ ၎င်းမှာ ကွယ်လွန်သွားပြီဖြစ်သော ဦးအောင်ကြည် ဖြစ်သည်။

ဦးအောင်ကြည်ကွယ်လွန်သွားပြီးနောက်ပိုင်း ၎င်း၏သားသမီးများက ဆက်လက်လုပ်ကိုင်နေခဲ့သည်။ သို့သော် အနည်းဆုံးနှစ်ပေါင်း ၇၀ အကြာ ဓားမဦးချလုပ်ကိုင်စားသောက်လာသူ ဦးအောင်ကြည်တို့မိသားစုတွင် မြေရာပိုင်ဆိုင်မှု အထောက်အထား (မြေဂရန်) မရှိကြပေ။ မြေခွန်ပြေစာသာရှိနေသည်။

မြေဂရန်အမည်ပေါက်မှာ စောမာတင်လူသာဖြစ်နေသည်။ မည်သည့်နည်းလမ်းဖြင့် စောမာတင်လူသာက အမည်ပေါက်ဖြစ်နေသည်ကိုမူ ရှင်းရှင်းလင်းလင်းမသိရပေ။ ထိုမြေပေါ်တွင် လုပ်ကိုင်စားသောက်နေသူ မိသားစုဝင်များပင် မသိလိုက်ဘဲ စောမာတင်လူသာနာမည်ဖြင့် ဂရန်ပေါက်နေခြင်းဖြစ်သည်။

ဦးအောင်ကြည်၏ သားသမီးတို့ကမူ ဘိုးဘွားအစဉ်အဆက် လုပ်ကိုင်စားသောက်လာသော ထိုနေရာမှ ထွက်ခွာပေးခြင်းမရှိဘဲ အမှန်တရားအတွက် ရင်ဆိုင်နေကြသည်။

ဦးအောင်ကြည်လုပ်ကိုင်စားသောက်နေသော ထိုမြေနေရာမှာ ၇ ဧကကျော်ရှိသည်။ ထို ၇ ဧကကျော်အနက် တစ်ဧကျော်ကို စောမာတင်လူသာက ၎င်းပိုင်ဆိုင်သည့်မြေဟု ပြောဆိုနေခြင်းဖြစ်သည်။

ဟိုတယ်စီမံကိန်းနှင့် တိုင်းရင်းသားဝန်ကြီး

ဦးအောင်ကြည် လုပ်ကိုင်စားသောက်နေသော မြေနေရာကို မျက်စိကျနေခြင်းမှာ စောမာတင်လူသာသည် ထိုနေရာတွင် ဟိုတယ်စီမံကိန်း လုပ်ဆောင်လိုခြင်းကြောင့် ဖြစ်သည်။ ထားဝယ်မြစ်ကမ်းဘေး ရှုခင်းကို အလေးပြုကာ ဟိုတယ်ဆောက်လုပ်ရန် စီစဉ်နေခြင်း ဖြစ်သည်။

ထိုဟိုတယ်ကို Green Vision Dawei ကုမ္ပဏီနှင့် Wonderful Dawei ကုမ္ပဏီတို့က ဆောက်လုပ်မည် ဖြစ်သည်။ ထိုကုမ္ပဏီနှစ်ခုမှာ စစ်ကောင်စီခန့် တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းရင်းသားရေးရာဝန်ကြီး စောမာတင်လူသာတို့ အစုရှယ်ယာထည့်ဝင်ထားကြောင်း ပြောဆိုမှုများရှိနေသည်။

Dawei Watch ရရှိထားသည့် စာချုပ်မှတ်တမ်းတစ်ခုအရ Green Vision Dawei ကုမ္ပဏီသည် ဦးအောင်ကြည်မိသားစု လုပ်ကိုင်စားသောက်နေသောမြေကို ဦးအောင်ဆွေဦးဆိုသူ ထံ ရောင်းချထားပြီး ရောင်းချသူနေရာတွင် Green Vision Dawei ကုမ္ပဏီကိုယ်စား လက်မှတ်ထိုးထားသူမှာ စောမာတင်လူသာဖြစ်သည်။

ပုံစာ – ဝန်ကြီး စောမာတင်လူသာကိုယ်တိုင် အငြင်းပွားမြေနေရာသို့ ရောက်လာပြီး မြေယာပြုပြင်ခြင်းများ လုပ်ဆောင်နေမှုကို ကြီးကြပ်ခဲ့ပြီး ထိုနေ့က အရပ်ဝတ်လက်နက်ကိုင် ပျူစောထီးများလည်း ဝန်ကြီးနှင့်အတူပါလာခဲ့သည်။

မြေဝယ်ယူသူ ဦးအောင်ဆွေဦးဆိုသူမှာ စောမာတင်လူသာ၏ ကိုယ်ရေးအရာရှိဖြစ်သည်။

တစ်နည်းအားဖြင့် ဝန်ကြီးက ၎င်း၏ ကိုယ်ရေးအရာရှိကို မြေရောင်းချခဲ့ခြင်းဖြစ်ပြီး ယင်းမှာ အဂတိလိုက်စားမှုကဲ့သို့သော အရေးယူမှုများရှိလာလျှင် ရှောင်ရှားနိုင်ရန် ကြိုတင်ကြံစည်ထားခြင်း ဖြစ်နိုင်သည်။

ကရင်တိုင်းရင်းသားရေးရာဝန်ကြီး၏ ကိုယ်ရေးအရာရှိဖြစ်သူ ဦးအောင်ဆွေဦးဆိုသူမှာ ထားဝယ်အခြေစိုက် ခလရ ၁၀၄ တပ်ရင်း ဒုတပ်ရင်းမှူးဟောင်းတစ်ဦးဖြစ်ပြီး လူမှုရေးဖောက်ပြန်မှုတစ်ခုကြောင့် ထောင်ကျခဲ့ဖူးသူဖြစ်ကြောင်း၊ ထောင်မှလွတ်လာပြီးနောက် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(စစစ) တွင် တာဝန်ထမ်းဆောင်နေသူ ဖြစ်ကြောင်း၊ ထို့နောက် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး၏ ကိုယ်ရေးအရာရှိဖြစ်လာကြောင်း KIC သတင်းဌာန၏ ဇွန်လ ၁၀ ရက် သတင်းတစ်ခုတွင် ဖော်ပြထားသည်။

ကုမ္ပဏီများဆိုင်ရာ ညွန်ကြားမှုဦးစီးဌာန ဝက်ဘ်ဆိုက် (DICA) အရမူ Green Vision Dawei ကုမ္ပဏီ၏ ဒါရိုက်တာစာရင်းတွင် ဦးဉာဏ်မင်းထွဋ်(U Nyan Min Htut) နှင့် ဦးရဲထွဋ်နိုင်(U Ye Htut Naing ) ဟုဖော်ပြထားသော်လည်း နောက်ကွယ်တွင် စောမာတင်လူသာနှင့် ဦးမြတ်ကိုတို့လည်း ရှယ်ယာပိုင်ဆိုင်ကြောင်း ယူဆနိုင်သည့် အချက်အလက်များရရှိထားသည်။

Dawei Watch အနေဖြင့် ၎င်းတို့ရှယ်ယာပိုင်ဆိုင်ကြောင်း အတည်ပြုနိုင်ရန် ကာယကံရှင်များကို မေးမြန်းနိုင်ရေး ကြိုးစားခဲ့သည်။

Dawei Watch အနေဖြင့် ဝန်ကြီးချုပ် ဦးမြတ်ကို၏ လက်ကိုင်ဖုန်းကို အကြိမ်ကြိမ် ဆက်သွယ်သော်လည်း ဖုန်းမဝင်ဘဲ ဖြစ်နေ၍ ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပေ။

ယင်းသို့ပင် တိုင်းရင်းသားရေးရာ ဝန်ကြီးစောမာတင်လူသာကို Dawei Watch ကဖုန်းဖြင့် ဆက်သွယ်ရာတွင် ဖုန်းကိုင်ခဲ့သော်လည်း လတ်တလောမအားသဖြင့် ပြန်ဆက်ပေးရန် ပြောဆိုခဲ့သည်။

ယင်းနောက် အကြိမ်ကြိမ်ပြန်ဆက်သော်လည်း ဖုန်းကိုင်ခြင်းမရှိတော့ပေ။

မူလမြေပိုင်ရှင်ကို တရားစွဲ

စောမာတင်လူသာ၏ ကိုယ်ရေးအရာရှိဖြစ်သူ ဦးအောင်ဆွေဦးသည် သူ့ကိုယ်သူ ဝန်ကြီး၏ ကိုယ်ရေးအရာရှိ၊ စသုံးလုံး(စစစ)ဌာန၏ အရာရှိဟုဆိုကာ မူလလုပ်ကိုင်စားသောက်နေသူ ဦးအောင်ကြည်၏ မိသားစုဝင်များကို ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုမှုများပြုလုပ်ခဲ့သည်။

ထို့အပြင် ဦးအောင်ဆွေဦးကပင် တရားလိုပြုလုပ်ပြီး မူလလုပ်ကိုင်စားသောက်နေသူ မိသားစုဝင်များမှာ မြေပေါ်မှ မဖယ်ရှားပေးဟုဆိုကာ တရားစွဲခဲ့သည်။

ထားဝယ်ခရိုင်တရားရုံးတွင် တရားမအမှု (မြေလက်ဝယ်ပိုင်ဆိုင်လိုမှု) ဖြင့်တရားစွဲခဲ့သည်။ ထိုသို့တရားစွဲသည့်အချိန်တွင်မှ မူလလုပ်ကိုင်စားသောက်နေသူတို့က ထိုမြေသည် စောမာတင်လူသာနာမည်ဖြင့် မြေဂရန်ထွက်နေသည်ကို သိရှိရခြင်းဖြစ်သည်။

ထိုအပြင် စောမာတင်လူသာသည် ထိုမြေယာပိုင်ဆိုင်မှုအငြင်းပွားနေသည့်ပြဿနာတွင် ရှေ့မထွက်လိုသဖြင့် ၎င်း၏ ကိုယ်ရေးအရာရှိဖြစ်သူ ဦးအောင်ဆွေဦးထံ ဟန်ပြရောင်းချထားဖွယ်ရှိသည်။

အာဏာအလွဲသုံးစား လုပ်ထားကြောင်း ပေါ်လွင်စေသည့် နောက်အချက်တစ်ခုမှာ မြို့နယ် စည်ပင်သာယာရေးအဖွဲ့သည် အငြင်းပွားမြေပေါ်တွင် ဟိုတယ်ဆောက်လုပ်ခွင့် ပြုထားခြင်းဖြစ်သည်။

တရားရုံးတွင် ဖြေရှင်းနေဆဲမြေယာအငြင်းပွားမှုမှာ အပြီးသတ်အမိန့် မချမှတ်ခင် ဆောက်လုပ်ခွင့် ခွင့်ပြုချက်ချပေးခြင်း မပြုရသော်လည်း ဥပဒေကို ကျော်လွန်လုပ်ဆောင် ထားကြောင်းတွေ့ရသည်။

အင်အားသုံး ခြိမ်းခြောက်

ထိုမြေယာပိုင်ဆိုင်မှုအငြင်းပွားသည့် ပြဿနာမှာ တရားရုံးတွင် ဖြေရှင်းဆဲဖြစ်သော်လည်း ဝန်ကြီး၏ ကိုယ်ရေးအရာရှိဖြစ်သူ ဦးအောင်ဆွေဦးမှာ လယ်စောင့်တဲအပါအဝင် ထိုမြေပေါ်တွင် ဆောက်လုပ်ထားသော တဲများကို မြေတူးစက်ဖြင့်ထိုးကာ ဖျက်ဆီးပစ်ခဲ့သည်။

ဇွန်လပထမအပတ်အတွင်း ယင်းကဲ့သို့ လာရောက်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူတို့က ပြောဆိုသည်။

အမှန်တကယ် ထိုသို့လုပ်ခွင့်မရှိသော်လည်း စစ်ကောင်စီခန့်ဝန်ကြီးနှင့် ၎င်း၏ ကိုယ်ရေးအရာရှိတို့က မည့်သူကိုမျှ ဂရုမစိုက်ဘဲ ထင်ရာစိုင်းနေခဲ့သည်။

ဇွန် ၄ နေ့ကလည်း ဦးအောင်ဆွေဦးအပြင် စောမာတင်လူသာကိုယ်တိုင် အငြင်းပွားမြေနေရာသို့ ရောက်လာပြီး မြေယာပြုပြင်ခြင်းများ လုပ်ဆောင်နေမှုကို ကြီးကြပ်ခဲ့သည်။ ထိုနေ့က အရပ်ဝတ်လက်နက်ကိုင် ပျူစောထီးများလည်း ဝန်ကြီးနှင့်အတူပါလာခဲ့သည်။

ထို့အပြင် ၂၀၂၃ ခုနှစ်က မူလလုပ်ကိုင်စားသောက်နေသူများကို မြေပေါ်မှ မောင်းထုတ်စဉ်ကလည်း ယူနီဖောင်းနှင့် လက်နက်အပြည့်အစုံကိုင်ဆောင်ထားသည့် ရဲတပ်ဖွဲ့ဝင်များကို ခေါ်လာခဲ့သေးသည်။

ကူသူမဲ့ လယ်သမားများ

နှစ်ပေါင်းများစွာ ဘိုးဘွားစဉ်ဆက် လုပ်ကိုင်စားသောက်လာသည့် လယ်သမားများ၏ မြေများကို မြေဂရန်အမည်ပေါက်ဆိုသူတို့က အဓမ္မသိမ်းပိုက်ရန် လုပ်ဆောင်မှုများ ပေါ်ပေါ်ထင်ထင် ဖြစ်လာနေသည်။

ယင်းမြေဂရန်အမည်ပေါက် ဆိုသူများမှာ မည်သည့်အချိန်က ယင်းမြေကို ပိုင်ဆိုင်သွားကြောင်း မသိရဘဲ ယခုမှသာ ပေါ်ပေါက်လာခြင်းဖြစ်ပြီး အားလုံးမှာ စစ်အာဏာပိုင် သို့မဟုတ် အာဏာပိုင်နှင့် နီးစပ်သူများဖြစ်နေသည်။

စစ်တပ်အာဏာမသိမ်းမီက မြေယာအငြင်းပွားမှုများကို တရားဥပဒေအရ ပိုမိုဖိအားကင်းကင်း ဖြေရှင်းနိုင်သလို လူ့အခွင့်အရေး လှုပ်ရှားသူများ၊ လယ်သမားအရေး လှုပ်ရှားနေသည့် ရှေ့နေများ အားကောင်းသဖြင့် အာဏာပိုင်များ၊ စီးပွားရေးလုပ်ငန်းရှင်များက ထင်တိုင်းလုပ်ခွင့်မရခဲ့ပေ။

သို့သော် စစ်အာဏာသိမ်းပြီးနောက်တွင် လူအခွင့်အရေးလှုပ်ရှားသူများ ဖမ်းဆီးခံနေရသဖြင့် ထွက်ပြေးတိမ်းရှောင်နေကြသလို လူ့အခွင့်အရေး၊ အလုပ်သမား၊ လယ်သမားအရေး လုပ်နေသည့် ရှေ့နေများလည်း ဖမ်းဆီးခံနေရသဖြင့် ကာကွယ်ပေးနိုင်ခြင်း မရှိတော့ပေ။

လယ်သမားများမှာ အမှုရင်ဆိုင်ရန် လိုက်ပါဆောင်ရွက်ပေးမည့် ရှေ့နေပင် ငှားမရသည်အထိ အဖြစ်ဆိုးနေကြသည်။

ယင်းအခြေအနေကို အသုံးချကာ စစ်ကောင်စီဝန်ကြီးနှင့် အပေါင်းအပါတို့က ထားဝယ်မြို့သစ်ရှိ မြေများကို အပိုင်သိမ်းရန် အားထုတ်နေကြခြင်းဖြစ်သည်။

စစ်အာဏာရှင်လက်ထက် အခါပျက်ချိန်မြေလုပွဲများ တစ်ကျော့ပြန်လာနေသည်။