တနင်္သာရီမြို့နယ်ရှိ စစ်ကောင်စီတပ်၏ အောင်သာဝရစခန်းကို KNU နှင့် PDF မဟာမိတ်ပူးပေါင်းတပ်များက တိုက်ခိုက် သိမ်းယူပြီးနောက် ကျောက်လုံးကြီးစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်း စွန့်ခွာသွားကြောင်း KNU တပ်မဟာ (၄) ထံမှ သိရသည်။
အဆိုပါစခန်းတွင် ပုလောအခြေစိုက် ၂၈၅ တပ်ရင်းက အခြေစိုက်တပ်စွဲထားပြီး ခန့်မှန်းအင်အား ၆၀ ခန့်ရှိမည်ဖြစ်ကြောင်း KNU တပ်မဟာ (၄) က စစ်ရေးသတင်းအမြစ်တစ်ဦးက ပြောသည်။
ဇွန်လ ၁၄ ရက်တွင် တနင်္သာရီမြစ်ဘေးက အောင်သာဝရစခန်းသိမ်းပိုက်ခံရပြီးနောက် ဇွန်လ ၁၅ ရက်တွင် ကျောက်လုံးကြီးဗျူဟာစခန်းကို စစ်ကောင်စီတပ်ဖွဲ့က စွန့်ခွာခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
“သူတို့ဘက်က နယ်စပ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေ ခိုလှုံလို့မရအောင် နယ်မြေစိုးမိုးမှုရယူထားတဲ့ စခန်းပဲ” ဟု အထက်ပါ စစ်ရေးသတင်းအရင်းအမြစ်က ပြောဆိုသည်။
စစ်ကောင်စီ၏ စစ်ရေးသတင်းတစ်ရပ်တွင် လုံခြုံရေးအခြေအနေအရ စခန်းစွန့်ခွာခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်မှ ဇွန်လ ၁၄ ရက်အထိ စစ်ကောင်စီတပ်စခန်းနှင့် ပျူစောထီးစခန်း ၁၀ ခုကို KNU တပ်မဟာ ၄၊ KNU တပ်မဟာ ၆ ၊ KNLA၊ KNDO၊ KTLA၊ PDF မဟာမိတ်ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းယူထားသည်။
ဇန်နဝါရီလတွင် ထားဝယ်မြို့ ဘန်းချောင်းဒေသရှိ စစ်ကောင်စီ၏ ကျောက်ထုခြေကုပ်စခန်း တိုက်ခိုက်သိမ်းပိုက်ခံရပြီး သည့်နောက် စစ်ကောင်စီတပ်က စခန်း စွန့်ခွာမှုများ ဆက်တိုက် ပြုလုပ်လာသည်။
သရက်ချောင်းမြို့နယ် စော်ဖျား၊ သဲချောင်းကြီး၊ ထားဝယ်-ထီးခီနယ်စပ် တစ်လျှောက်ရှိ မေတ္တာနယ်မြေရဲစခန်း၊ ဟိန္ဒားစခန်း၊ ကမာပလောစခန်း၊ ထောမဖြိုးစခန်း၊ တနင်္သာရီမြို့နယ် ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ရှိ လေးကေစခန်း၊ ဝါးနွယ်စခန်းနှင့် ယခု ကျောက်လုံးကြီးဗျူဟာ စခန်းတို့ကို စစ်ကောင်စီတပ်ဖွဲ့က စွန့်ခွာခဲ့ခြင်းဖြစ်သည်။