BREAKING
October 19, 2024

ထိုင်းတွင် ပြစ်ဒဏ်ကျခံပြီးသော မြန်မာ ၁၂၀ ဦးကို ကော့သောင်းသို့ ယခုလအတွင်း ဒုတိယအကြိမ် ပြန်ပို့

June 17, 2024

ပုံစာ - ယနေ့ ကော့သောင်းသို့ ပြန်လည်ပို့မည့်သူများအား စစ်ဆေးနေစဉ်။ ဓာတ်ပုံ - ရနောင်းလဝက

ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီးသော မြန်မာနိုင်ငံသား ၁၂၀ ဦးကို ယနေ့ ကော့သောင်းမြို့သို့ ပြန်ပို့လိုက်ကြောင်း ရနောင်းလူဝင်မှုကြီးကြပ်ရေးဌာနနှင့် ကော့သောင်းရှိ ရွှေ့ပြောင်းအလုပ်သမားအရင်းအမြစ်စင်တာ (MWRC) တို့ထံမှ သိရသည်။

ရနောင်းမြို့မှတစ်ဆင့် ကော့သောင်းမြို့သို့ ယနေ့ ဇွန် ၁၇ ရက် နေ့လယ်ပိုင်းတွင် ပြန်ပို့ခြင်းဖြစ်ကြောင်း ဆိုသည်။

ထိုင်းတောင်ပိုင်းရှိ အချုပ်များတွင် ပြစ်ဒဏ်အမျိုးမျိုးဖြင့် ကျခံခဲ့ရပြီးသော မြန်မာနိုင်ငံသားများကို ရနောင်းလဝက ထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ပို့ဆောင်မှုမှာ ယခုလအတွင်း ဒုတိယအကြိမ်ရှိပြီဖြစ်သည်။

ဇွန်လ ၁၀ ရက်ကလည်း ပြစ်ဒဏ်ကျခံပြီးသော မြန်မာနိုင်ငံသား ၁၂၀ ကို ရနောင်းမှတစ်ဆင့် ကော့သောင်းသို့ ပို့ဆောင်ခဲ့ပြီးဖြစ်သဖြင့် ယခုလအတွင်း မြန်မာနိုင်ငံသား ၂၄၀ ဦးအထိ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

ရနောင်းမြို့မှတစ်ဆင့် စက်လှေများဖြင့် ကော့သောင်းမြို့သို့ ထိုင်းအာဏာပိုင်များနှင့် မြန်မာအလုပ်သမားသံအရာရှိတို့ ပူးပေါင်းကာ ပြန်လည်ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။

နေရပ်ပြန်ပို့ခံရသူများတွင် မြန်မာအလုပ်သမား အမျိုးသား ၁၀၀ ဦးနှင့် အမျိုးသမီး ၂၀ ဦး ပါဝင်ကြောင်း ကော့သောင်းရှိ ရွှေ့ပြောင်းအလုပ်သမားအရင်းအမြစ်စင်တာ (MWRC) ထံမှ သိရသည်။

“ဒီနေ့ ကော့သောင်းဘက် ရောက်လာတဲ့ သူတွေကို ကျန်းမာရေးစစ်ဆေးမှုပေးတယ်။ ပြီးမှ ကားတွေနဲ့ သူတို့ နေရပ်တွေကို ပို့ဆောင်ပေးတယ်ပေါ့နော်” ဟု MWRC က တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိုင်းတွင် ပြစ်ဒဏ်ကျခံပြီးသူများအား ရနောင်းမှတစ်ဆင့် ကော့သောင်းသို့ လွှဲပြောင်းမှုများသည် တစ်လလျှင် နှစ်ကြိမ်မှ သုံးကြိမ်အထိ ရှိနေကြောင်း ၎င်းက ပြောဆိုသည်။