BREAKING
September 7, 2024

တက္ကသိုလ်ဝင်တန်းအောင်ချက် မွန်ပြည်နယ် ပထမပြန်ရ

June 17, 2022

တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်သည် မြန်မာတစ်နိုင်ငံလုံးတွင် အကောင်းဆုံးဖြင့် မွန်ပြည်နယ်က ပထမရရှိကြောင်း ပြည်နယ်ပညာရေးမှူးရုံးထံမှ သိရသည်။

၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းကို စစ်ကောင်စီက ယနေ့ (ဇွန် ၁၇) ထုတ်ပြန် လိုက်ပြီး မွန်ပြည်နယ်တွင် ဖြေဆိုသူ တစ်သောင်းကျော် (၁၁,၂၁၂ ဦး) ရှိသည့်အနက် ခြောက်ထောင်ကျော် (၆၄၁၄ ဦး) အောင်မြင်သည်။

အောင်ချက် ၅၇ ဒသမ ၂၁ ရာခိုင်နှုန်းဖြင့် တစ်နိုင်ငံလုံးတွင် အောင်ချက် အမြင့်မားဆုံးဖြစ်ကြောင်း မွန်ပြည်နယ် ပညာရေးမှူးဌာန၏ ထုတ်ပြန်ချက်စာရင်းအရ သိရသည်။

မွန်ပြည်နယ်သည် တစ်နိုင်ငံလုံးတွင် အောင်ချက်အကောင်းဆုံးအဖြစ် ဆက်တိုက်ရရှိနေသည့် ပြည်နယ်တစ်ခု ဖြစ်သည်။

“ဒီနှစ်လည်း မွန်ပြည်နယ်က အောက်ချက် ၅၇ ဒသမ ၂၁ ရာခိုင်နှုန်းနဲ့ တစ်နိုင်ငံလုံးမှာ ပထမရတယ်” ဟု မွန်ပြည်နယ် ပညာရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။

မွန်ပြည်နယ်သည် ၂၀၀၉- ၂၀၁၀ ပညာသင်နှစ်မှ ၂၀၁၃-၂၀၁၄ ပညာသင်နှစ်အထိ ငါးနှစ်ဆက်တိုက် ပထမရခဲ့ပြီး ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် ဒုတိယသာရခဲ့သည်။

ယင်းနောက် နောက်၂နှစ်ဆက်တိုက် မွန်ပြည်နယ်က ပထမပြန်လည်ရရှိခဲ့ပြီး ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် တတိယသို့ ကျဆင်းသွားပြန်သည်။ ယင်းနောက် နောက်နှစ် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ပထမ ပြန်ရပြီး ကိုဗစ်မတိုင်ခင် နောက်ဆုံးကျင်းပခဲ့သည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် တတိယသို့ ပြန်ကျသွားပြန်သည်။

ယခု ၂၀၂၂ ပညာသင်နှစ်တွင် ပထမ ပြန်လည်ရရှိလာခြင်းဖြစ်သည်။

ပုံမှန်ပညာသင်နှစ်များတွင် မွန်ပြည်နယ်အတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုသူ သုံးသောင်းကျော်အထိ ရှိခဲ့သော်လည်း စစ်တပ်အာဏာသိမ်းပြီးနောက် ကျင်းပခဲ့သည့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုသူ တစ်သောင်းကျော်သာ ရှိခဲ့သည်။

တစ်နိုင်ငံလုံး ဒုတိယအောင်ချက် အကောင်းဆုံးမှာ ဧရာဝတီတိုင်းဖြစ်ပြီး တတိယမှာ မန္တလေးတိုင်းဖြစ်သည်။

အောင်ချက်အနည်းဆုံးမှာ ချင်းပြည်နယ်ဖြစ်ပြီး ဒုတိယအနည်းဆုံးက ကယားပြည်နယ်ဖြစ်သည်။

တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် တက္ကသိုလ်ဝင်တန်းဖြေဆိုသူ ၂၈၁,၇၅၁ ရှိပြီး ၁၃၂,၀၇၇ အောင်မြင်ကာ ၄၆ ဒသမ ၈၈ ရာခိုင်နှုန်း ရှိသည်ဟုလည်း စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။