BREAKING
December 24, 2024

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

May 17, 2024

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

မေလ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အထိ

အင်ဒိုနီးရှား ရေကြီးမှုကြောင့် အနည်းဆုံး လူ ၆၇ ဦး သေဆုံး

အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်း မီးတောင်ပေါက်ကွဲတဲ့ဒေသမှာ မိုးကြီးပြီး ရုတ်တရက် ရေကြီးမှုတွေ ဖြစ်ခဲ့တာကြောင့် အနည်းဆုံး လူ ၆၇ ဦးအထိ သေဆုံးခဲ့ပါတယ်။

ရေကြီးမှုနဲ့အတူ အေးခဲနေတဲ့ ချော်ရည်တွေပါ စီးဆင်းလာခဲ့တာပါ။

ဒါကြောင့် လူ ၂၀ ဦးထက်မနည်း ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။

မေလ ၁၁ ရက်နေ့ညက နာရီပေါင်းများစွာ မိုးတွေအဆက်မပြတ် ရွာသွန်းလို့ Marapi မီးတောင်ကနေ ချော်ရည်အအေးတွေ စီးဆင်းခဲ့တာပြီး ဂျာဗားကျွန်းအနောက်ပိုင်းက ရွာတွေမှာ ရေကြီးမှုတွေ ဖြစ်ခဲ့တာပါ။

မီးတောင်ပေါက်ပြီး တင်ကျန်နေတဲ့ ပြာမှုန့်တွေက မိုးရွာပြီး တောင်အောက်ကို ရွံ့တွေလို စီးဆင်းလာတာလည်း တွေ့ရပါတယ်။

ဒါကြောင့် ဒေသအတွင်းမှာ အရေးပေါ်ကယ်ဆယ်ရေးစခန်းတွေ ဖွင့်လှစ်ထားရတယ်လို့ ဆိုထားပါတယ်။

Ref: AP

………………………………..

ပထမဆုံး ဝက်ကျောက်ကပ် အစားထိုးကုသမှု ခံယူသူ အမေရိကန်နိုင်ငံသား ကွယ်လွန်

အမေရိကန်နိုင်ငံမှာ မျိုးဗီဇပြုပြင်ထားတဲ့ ဝက်ရဲ့ ကျောက်ကပ်နဲ့ အစားထိုးကုသမှုခံယူခဲ့တဲ့ ပထမဆုံးလူနာတစ်ဦး မေလ ၁၂ ရက်နေ့မှာပဲ ကွယ်လွန်သွားခဲ့ပါတယ်။

အစားထိုးကုသမှုခံယူပြီး ၂ လအကြာမှာပဲ ကွယ်လွန်သွားခဲ့တာပါ။

ကျောက်ကပ်ရောဂါနောက်ဆုံးအဆင့်ခံစားနေရတဲ့ အသက် ၆၂ နှစ်အရွယ် အမျိုးသားကို မတ်လကပဲ မျိုးဗီဇပြုပြင်ထားတဲ့ ဝက်ရဲ့ကျောက်ကပ်နဲ့ အောင်မြင်စွာအစားထိုးကုသပေးထားတယ်လို့ ဆိုပါတယ်။

လူနာ ကွယ်လွန်သွားတဲ့အတွက် အလွန်စိတ်မကောင်းဖြစ်ရတယ်လို့ ဆေးရုံဘက်က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ မတ်လထဲ ကျောက်ကပ်အစားထိုးဖို့ စောင့်ဆိုင်းနေတဲ့လူနာပေါင်း ၁၄၀၀ ကျော်ရှိတယ်လို့လည်း ဆေးရုံဘက်က ထုတ်ပြန်ခဲ့ပါတယ်။

Ref: BBC

………………………………..

အာဖဂန်နစ္စတန်တွင် ရေကြီးမှုကြောင့် လူ ၃၀၀ ကျော်သေဆုံး

အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်းမှာ မိုးအပြင်းအထန်ရွာပြီး ရေကြီးလို့ သေဆုံးသူ ၃၀၀ ထက်မနည်း ရှိသွားပြီလို့ တာလီဘန်အစိုးရက ထုတ်ပြန်လိုက်ပါတယ်။

ဒါ့အပြင် သေဆုံးသူဦးရေ ပိုများလာနိုင်သေးတယ်လို့ ဆိုထားတာပါ။

ရေဘေးသင့်ဒေသတွေမှာ ကူညီကယ်ဆယ်ရေး ဆောင်ရွက်ဖို့ စစ်ရဟတ်ယာဥ်တွေ စေလွှတ်ခဲ့တယ်လို့လည်း တာလီဘန်အစိုးရက ပြောပါတယ်။

ရေဘေးကြောင့် လူနေ အိမ်ခြေ ၂၀၀၀ ကျော်အထိ ပျက်စီး သွားခဲ့ရတာပါ။

ပုံမှန်ထက် မိုးပိုရွာခဲ့လို့ ပြီးခဲ့တဲ့အပတ်တွေထဲက ရေကြီးရေလျှံတာတွေ ဆက်တိုက် ဖြစ်နေတယ်လို့ ဆိုပါတယ်။

ရေဘေးကြောင့် ဘာဒက်ရှန်၊ ဂျီဟော နဲ့ ဟေရတ်ပြည်နယ် အပါအဝင် နိုင်ငံ မြောက်ပိုင်းနဲ့ အနောက်ပိုင်း ပြည်နယ်တွေက နေရာအတော်များများမှာ ထိခိုက်ပျက်စီးခဲ့ပါတယ်။

Ref: BBC

………………………………..

တောင်မြောက်ဝင်ရိုးစွန်းများတွင် ဥတ္တရရောင်ခြည်အလင်းတန်းများ ဆက်တိုက်မြင်ရ

တောင်နဲ့ မြောက်ဝင်ရိုးစွန်းဒေသတွေမှာသာ တွေ့မြင်ရလေ့ရှိတဲ့ ဥတ္တရရောင်ခြည်အလင်းတန်းတွေကို အမေရိကတိုက်မြောက်ပိုင်း၊ ကနေဒါနဲ့ ဥရောပနိုင်ငံတော်တော်များများ၊ ဩစတေးလျနိုင်ငံတွေကနေ မြင်တွေ့ခဲ့ကြရပါတယ်။

နေလုံးကြီးထဲမှာ ဆက်တိုက် ပေါက်ကွဲမှုကြောင့် နေရောင်ခြည်နဲ့ သံလိုက်ဓါတ် ပမာဏအများအပြား လွှတ်ထုတ်နေခဲ့တာပါ။

ဒါတွေက ကမ္ဘာ့လေထုထဲမှာ သံလိုက်မုန်တိုင်းတွေဖြစ်စေပြီး ခုလို ထူးထူးခြားခြား အလင်းတန်းတွေကို တွေ့ရတာဖြစ်ပါတယ်။

နေမှလာတဲ့ အမှုန်တွေကနေ ကမ္ဘာ့လေထုထဲက သံလိုက်စက်ကွင်းနဲ့ ထိတွေ့ပြီး ကောင်းကင်ယံမှာ အစိမ်းရောင်၊ ပန်းရောင်၊ ခရမ်းရောင် စတဲ့ ထူးခြားတဲ့ ဥတ္တရရောင်ခြည်တွေကို ဖြစ်ပေါ်စေတာဖြစ်ပါတယ်။

Ref: The Guardian

………………………………..

အိန္ဒိယတွင် လမ်းဘေးဆိုင်းဘုတ်ပြိုကျမှုကြောင့် လူ ဒါဇင်ချီသေဆုံး

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့မှာ မိုးသည်းထန် မုန်တိုင်းကျရာကနေ လမ်းဘေးထောင်ဆိုင်းဘုတ်ကြီးတစ်ခု ပြိုကျခဲ့ပြီး လူ ၁၄ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

နောက်ထပ် ၇၅ ဦးလောက် ဒဏ်ရာရခဲ့တာပါ။

မေလ ၁၃ ရက်နေ့က ဆိုင်းဘုတ်ပြိုကျမှုမှာ ပိတ်မိနေသူတွေ ရှိနေခဲ့လို့ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေကိုလည်း ညဖက်တွေအထိ ဆက်တိုက်လုပ်ခဲ့ကြပါတယ်။

လေပြင်းတိုက်ရာကနေ လူသွားလူလာများတဲ့ လမ်းဘေးမှာ ထောင်ထားတဲ့ ဆိုင်းဘုတ်ကြီးက အနီးအနားမှာရှိတဲ့ အိမ်တွေနဲ့ ဓာတ်ဆီဆိုင်ပေါ် ပြိုကျခဲ့တာပါ။

မိုးသည်းထန် လေပြင်းတိုက်စဉ်မှာ ပြိုကျခဲ့တာ ဖြစ်ပေမဲ့ ဆိုင်းဘုတ်ပြိုကျရတဲ့ တခြားအကြောင်းရင်းတွေ ရှိမရှိ ဆိုတာကိုလည်း အာဏာပိုင်တွေ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

Ref: Aljazeera

………………………………..

ထောင်တွင်း အစာငတ်ခံဆန္ဒပြသူ ထိုင်းတက်ကြွလှုပ်ရှားသူ အမျိုးသမီး သေဆုံး

အကျဉ်းထောင်ထဲ အစာငတ်ခံဆန္ဒပြခဲ့သော ထိုင်းတက်ကြွလှုပ်ရှားသူ လူငယ်အမျိုးသမီးတစ်ဦး မေလ ၁၄ ရက်နေ့က နှလုံးခုန်ရပ်ပြီး သေဆုံးသွားခဲ့ပါတယ်။

Bung လို့ လူသိများတဲ့ Netiporn ကို ထိုင်းတော်ဝင်မိသားစုကို အကြည်ညိုပျက်စေမှုနဲ့ စွဲချက်တင်ဖမ်းဆီးခံထားရတာပါ။

တော်ဝင်မိသားစုအပေါ် လူထုအမြင် ကောက်ယူတယ်ဆိုပြီး အများပြည်သူနေရာတွေမှာ စစ်တမ်းကောက်ယူခဲ့တာကြောင့် သူ့ကို တော်ဝင်မိသားစုကို အကြည်ညိုဖျက်မှုနဲ့ စွဲချက်တင်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီလက သူ့ကို အာမခံ ပြန်ရုပ်လိုက်ပြီးတဲ့နောက် အကျဉ်းထောင်ထဲ အစာငတ်ခံဆန္ဒပြခဲ့ပါတယ်။

အသက် ၂၈ နှစ်အရွယ် Netiporn ဟာ ထိုင်းတော်ဝင်ဘုရင်စံနစ်ကို ပြုပြင်ပြောင်းလဲရေးတောင်းဆိုတဲ့ Thalu Wang တက်ကြွလှုပ်ရှားမှုအဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပါတယ်။

Ref: Khaosod

………………………………..

တောင်တရုတ်ပင်လယ်က အငြင်းပွားနယ်မြေထဲ ဖိလစ်ပိုင် ငါးဖမ်းလှေများ သွားရောက်

ဖိလစ်ပိုင် ငါးဖမ်းစက်လှေ ရာနဲ့ချီပြီး တောင်တရုတ်ပင်လယ်ထဲ တရုတ်ဘက်က ထိန်းချုပ်ထားတဲ့ ရေပြင်ပိုင်နက်ဘက်ကို မေလ ၁၅ ရက်နေ့က ဦးတည် သွားရောက်ခဲ့ကြပါတယ်။

ငါးဖမ်းသမားတွေဟာ ဖိလစ်ပိုင်အလံငယ်လေးတွေကို ဝှေ့ယမ်းပြီး ဖိလစ်ပိုင်ဟာ တို့နိုင်ငံ၊ ဒီနေရာက ငါတို့နေရာဆိုပြီး ကြွေးကြော်ခဲ့ကြတာပါ။

တရုတ်ကမ်းရိုးတန်းစောင့် စစ်သင်္ဘောတွေဟာ ဖိလစ်ပိုင် သင်္ဘောနှစ်စီးကို ရေပိုက်နဲ့ထိုးခဲ့အပြီး ၂ ပတ်အကြာမှာ သွားရောက်ခဲ့ကြတာပါ။

ပင်လယ်ထဲကို ဖိလစ်ပိုင်နိုင်ငံသား ၂၀၀ လောက် ငါးဖမ်းစက်လှေ အကြီး ၂ စီးအပြင် စက်လှေငယ်လေးတွေ ရာနဲ့ချီ စုဝေးပြီးသွားရောက်တာဖြစ်ပြီး Scarborough Shoal ကျွန်းစုနား ငါးဖမ်းနေသူတွေကို အစားအစာ ဆက်ပို့ဖို့ သွားကြတာဖြစ်ပါတယ်။

ဖိလစ်ပိုင်လို Panatag လို့ခေါ်တဲ့ Scarborough Shoal ကျွန်းစုကို တရုတ်နိုင်ငံက ၂၀၁၂ ခုနှစ်မှာ ဖိလစ်ပိုင်ဆီကနေ သိမ်းပိုက်ထားတာဖြစ်ပါတယ်။

Ref: REUTERS

………………………………..

သမ္မတ ဂျိုးဘိုင်ဒင်နဲ့ သမ္မတဟောင်း ဒေါ်နယ်ထရမ့်တို့ ၂ ကြိမ် စကားစစ်ထိုးမည်

နိုဝင်ဘာလမှာ ကျင်းပမယ့် အမေရိကန်သမ္မတ ရွေးကာက်ပွဲမှာ ယှဉ်ပြိုင်ကြမယ့် လက်ရှိသမ္မတ Joe Biden နဲ့ ပြိုင်ဘက် သမ္မတဟောင်း Donald Trump တို့ ၂ ဦး နှစ်ကြိမ် စကားစစ်ထိုးဖို့ သဘောတူခဲ့ကြပါတယ်။

လာမယ့် ဇွန်လ ၂၇ ရက်နဲ့ စက်တင်ဘာ ၁၀ ရက်နေ့တွေမှာ နှစ်ကြိမ် စကားစစ်ထိုးပွဲ ကျင်းပဖို့ သဘောတူခဲ့ကြတာပါ။

ပထမဆုံး မျက်နှာချင်းဆိုင် စကားစစ်ထိုးပွဲကို Atlanta ပြည်နယ် စတူဒီယိုမှာ ကျင်းပမှာပါ။

ဒါပေမဲ့ ပရိတ်သတ်တော့ ပါမှာ မဟုတ်ဘူးလို့ ဆွေးနွေးပွဲကို ကြီးကြပ်စီစဉ်ပေးမဲ့ CNN သတင်းဌာနက ပြောကြားပါတယ်။

ဒုတိယ စကားစစ်ထိုးပွဲကိုတော့ ABC ရုပ်သံက ကြီးကြပ်ကျင်းပမှာ ဖြစ်ပါတယ်။

Ref: BBC

………………………………..

ကနေဒါတောမီးကြောင့် လူထောင်ချီ ဘေးလွတ်ရာရွှေ့ပြောင်း

ကနေဒါနိုင်ငံမြောက်ပိုင်းမှာ တောမီးလောင်နေလို့ မြို့ခံတွေဟာ ညတွင်းချင်းမှာ ဘေးလွတ်ရာ ရွှေ့ပြောင်းထွက်ပြေးခဲ့ကြရပါတယ်။

ဘေးလွတ်ရာပြောင်းရင်း နာရီနဲ့ချီ ယာဉ်ကြောပိတ်နေချိန်မှာ ကောင်းကင်က လိမ္မော်ရောင်တောက်နေပြီး မီးခိုးနံ့တွေပါ ရနေကြတယ်လို့ ဆိုတာပါ။

အစိုးရဘက်ကတော့ လူအယောက် ၆၆၀၀ ကို ဘေးကင်းရာ ရွှေ့ဖို့ အမိန့်ပေးခဲ့ ပြီးပြီလို့ ဆိုပါတယ်။

ထိန်းမနိုင်သိမ်းမရ ဖြစ်နေတဲ့ တောမီးဟာ ဧကပေါင်းများစွာအထိ လောင်ကျွမ်းနေတာဖြစ်ပါတယ်။

Ref: India West

………………………………..

ဂျာမနီတွင် ပေါက်ကွဲမှုကြောင့် လူ ၃ ဦးသေဆုံး

ဂျာမနီနိုင်ငံအနောက်ပိုင်း ဒူဆယ်လ်ဒေါ့ဖ်မြို့မှာရှိတဲ့ တိုက်ခန်းတစ်ခုမှာ အားပြင်းတဲ့ ပေါက်ကွဲမှုတစ်ခု မေ ၁၆ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။

ပေါက်ကွဲမှုကြောင့် လူ ၃ ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရရှိခဲ့တာပါ။

တိုက်ခန်းက ၆ ထပ်အဆောက်အအုံဖြစ်ပြီး မြေညီထပ်မှာရှိတဲ့ နေရာတစ်ခုကနေ ပေါက်ကွဲမှုဖြစ်တာဖြစ်ပါတယ်။

နောက်ဆက်တွဲ မီးလောင်မှုရဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။

လမ်းတဖက်မှာ ရပ်ထားတဲ့ မော်တော်ကား အများအပြားလည်း မီးလောင်ခဲ့ပြီး ပျက်စီးခဲ့ပါသေးတယ်။

Ref: DW

………………………………..