ထိုင်းနိုင်ငံက လူငယ်နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေဟာ နိုင်ငံရေးအကျဉ်းသူ Netiporn Sanesangkhom ရဲ့ သေဆုံးမှုအတွက် အစိုးရဘက်ကနေ ပွင့်လင်းမြင်သာမှုရှိစွာနဲ့ လျင်လျင်မြန်မြန် စုံစမ်းစစ်ဆေးပေးရေးနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ မေလ ၁၆ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။
ထိုင်းဘာသာစကားနဲ့ “ကောင်းကင်အနှံ့”လို့ အဓိပ္ပါယ်ရတဲ့ Thalufah လူငယ်နိုင်ငံရေးတက်ကြွလှုပ်ရှားသူအဖွဲ့က အစိုးရအဖွဲ့ရုံး ဟစ်တိုင်ဌာနကနေတစ်ဆင့် တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။
အဆိုပါ တောင်းဆိုချက်ထဲမှာ Netiporn သေဆုံးမှုကို ပွင့်လင်းမြင်သာမြန်ဆန်စွာ စုံစမ်းစစ်ဆေးပေးရေး ၊ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေး၊ ရေးဆွဲနေဆဲ လွတ်ငြိမ်းချမ်းသာခွင့်ဥပဒေအတည်မပြုရသေးခင် နိုင်ငံရေးအကျဉ်းသားတွေကို ဖမ်းဆီးထောင်ချမှုတွေ ဆိုင်းငံ့ပေးရေး၊ လွတ်ငြိမ်းချမ်းသာခွင့်ဥပဒေကို အမြန်ဆုံးနည်းနဲ့ အပြီးသတ်ရေးဆွဲပြဌာန်းပေးရေးတို့ ပါဝင်ပါတယ်။
ဒါပေမယ့် ထိုင်းပါလီမန်အမတ်တွေဘက်ကတော့ လက်ရှိရေးဆွဲနေဆဲ လွတ်ငြိမ်းချမ်းသာခွင့်ဥပဒေထဲမှာ Lese-majeste law လို့ လူသိများတဲ့ ထိုင်းဘုရင်စနစ်ကို ဝေဖန်ထောက်ပြတာမျိုး လုပ်လို့မရအောင် အကာအကွယ်ပေးထားတဲ့ ဥပဒေနဲ့ ငြိစွန်းသူတွေ အကျုံးဝင်မဝင်ဆိုတာကို သုံးသပ်ညှိနှိုင်းနေဆဲ ဖြစ်ပါတယ်။
ထိုင်းဝန်ကြီးချုပ် Srettha က Netiporn ရဲ့ သေဆုံးမှုနဲ့ ပက်သက်ပြီး စုံစမ်းစစ်ဆေးဖို့ ထိုင်းတရားရေးဝန်ကြီးဌာနကို ညွှန်ကြားထားပြီး ဖြစ်တယ်လို့ ဗုဒ္ဓဟူးနေ့က ပြောပါတယ်။
ဒါပေမယ့် သူမ သေဆုံးရတဲ့ အကြောင်းရင်းကို အခုထိ အတည်မပြုရသေးဘူးလို့ ဆိုပါတယ်။ သေဆုံးမှုအကြောင်းရင်းကို သိရဖို့အတွက် Netiporn ရဲ့ ရုပ်အလောင်းကို ဗုဒ္ဓဟူးနေ့က သမ္မာဆက်တက္ကသိုလ်ဆေးရုံမှာ ခွဲစိတ်စစ်ဆေးခဲ့ပါတယ်။ ခွဲစိတ်စစ်ဆေးမှုရဲ့ ရလဒ်ကို သိရဖို့ ၇ ရက်လောက် စောင့်ရမယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Nikorndej Balankura က ပြောပါတယ်။
ထိုင်းလူ့အခွင့်အရေးရှေ့နေများအဖွဲ့ဝင်တစ်ဦးဖြစ်သူ အမျိုးသမီးရှေ့နေ Kunthika Nutcharus က ဗဟိုအကျဉ်းသားပြုပြင်ထိန်းသိမ်းရေးဆေးရုံမှာ သေဆုံးသူ Netiporn ရဲ့ ဆေးမှတ်တမ်းတွေကို တောင်းခံထားပေမယ့် အခုထိ မထုတ်ပေးသေးဘူးလို့ X လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရေးသားခဲ့ပါတယ်။ သေဆုံးသူရဲ့ ဆေးမှတ်တမ်းကို တောင်းယူတာဟာ ပုံမှန်လုပ်ထုံးလုပ်နည်းတစ်ခုဖြစ်ပြီး ဒီဆေးမှတ်တမ်းတွေ ထုတ်ပေးဖို့ ဆေးရုံဘက်က ဘာကြောင့် အချိန်အကြာကြီးယူနေရတာလဲလို့ သူမက မေးခွန်းထုတ်ခဲ့ပါတယ်။
ဗဟိုအကျဉ်းသားပြပြင်ထိန်းသိမ်းရေးဆေးရုံမှာ Netiporn ဟာ အင်္ဂါနေ့ မနက်အစောပိုင်းက ရုတ်တရက် နှလုံးဖောက်သွားခဲ့တယ်လို့ အကျဉ်းထောင်အာဏာပိုင်တွေက ပြောပါတယ်။ အခင်းဖြစ်တဲ့နေ့က သူမကို သမ္မာဆက်တက္ကသိုလ်ဆေးရုံကို ပို့ဆောင်ပြီး အသက်ကယ်ဖို့ ကြိုးစားခဲ့ပေမယ့် အဲဒီနေ့ မနက် ၁၁ နာရီ ၂၂ မိနစ်မှာ သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ရင်ခွဲစစ်ဆေးမှုရလဒ်တွေအရ Netiporn ဟာ သမ္မာဆက်တက္ကသိုလ်ဆေးရုံကို မရောက်ခင်ကတည်းက အသက်ထွက်သွားခဲ့တယ်လို့ သူမရဲ့ရှေ့နေ Krisadang Nutcharas က ဒီကနေ့ နေ့လယ်ပိုင်းမှာ ပြောပါတယ်။
သေဆုံးမှုအကြောင်းရင်းအတိအကျကိုတော့ သေဆုံးသူရဲ့ တစ်ရှူးနမူနာတွေကို စစ်ဆေးမှုရလဒ် အတည်ပြုချက်ရလာပြီးမှ သိရမယ်လို့လည်း ဆိုပါတယ်။
အရှိန်အဟုန်မြင့်လာတဲ့ လူငယ်နိုင်ငံရေးတက်ကြွလှုပ်ရှားမှုတွေရဲ့ တောင်းဆိုချက်နဲ့ ပတ်သက်ပြီး ဘယ်လိုတုံ့ပြန်စီစဉ်မလဲဆိုတာကို နောက်အပတ်မှာ အသိပေးပါ့မယ်လို့ ထိုင်းဝန်ကြီးချုပ်ရဲ့ ဒုတိယအထွေထွေအတွင်းရေးမှူးဖြစ်တဲ့ Somkid Chueakong က ပြောပါတယ်။
Netiporn ရဲ့ သေဆုံးမှုသတင်းဟာ နိုင်ငံတကာမီဒီယာတွေမှာလည်း တော်တော်လေး ပျံ့နှံ့သွားခဲ့ပါတယ်။ သူမရဲ့ သေဆုံးမှုအတွက် အကျဉ်းကျခံနေရတဲ့ ထိုင်းလူမျိုးအချို့ကလည်း သူတို့ရဲ့ ဆံပင်တွေကို ရိတ်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတယ် သိရပါတယ်။
သူမရဲ့ သေဆုံးခဲ့ရပြီးနောက်မှာ အပြစ်ဒဏ်ကာလမစေ့မီ ကတိခံဝန်ချက်နဲ့ လွှတ်ပေးလိုက်တဲ့ ယခင်ဝန်ကြီးချုပ်ဟောင်း သက်ဆင်နဲ့ နှိုင်းယှဉ်ပြီး ထိုင်းအကျဉ်းထောင်အာဏာပိုင်တွေရဲ့ အကျဉ်းသားတွေအပေါ် ဆက်ဆံမှုကို မေးခွန်းထုတ်တာတွေ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ထွက်လာနေပါတယ်။ တရားစီရင်ရေးကဏ္ဍပြုပြင်ပြောင်းလဲရေးအတွက် တောင်းဆိုမှုတွေပေါ်ထွက်လာအောင် လှုံ့ဆော်ပေးလိုက်သလို ဖြစ်သွားခဲ့ပါတယ်။ အစာငတ်ခံဆန္ဒပြနေကြတဲ့ နောက်ထပ်နိုင်ငံရေးအကျဉ်းသားနှစ်ယောက်အပေါ်မှာလည်း လူထုအာရုံစိုက်မှုတွေ ပိုများလာစေခဲ့ပါတယ်။ အဆိုပါ အကျဉ်းသားနှစ်ယောက်ဟာ အာမခံရရှိရေးနဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် အစာငတ်ခံဆန္ဒပြနေခဲ့ကြသူတွေ ဖြစ်ပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် တောင်းဆိုလာကြတာနဲ့ ပတ်သက်ပြီး တရားရေးဝန်ကြီး Tawee Sodsong က တရားစီရင်ရေးယန္တရားထဲက သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ တိုင်ပင်ဆွေးနွေးအဖြေရှာဖို့ မျှော်လင့်ထားတယ်လို့ ထိုင်းဝန်ကြီးချုပ်က ပြောပါတယ်။
Netiporn ရဲ့ သေဆုံးမှုနဲ့ ပက်သက်ပြီး Srettha အစိုးရက တာဝန်ခံခိုင်းသင့်တယ်လို့ ရှပ်နီပါတီခေါင်းဆောင်ဟောင်းဖြစ်သူ Jatuporn Prompan က ဆိုပါတယ်။ ဒီကိစ္စကို မဖြေရှင်းနိုင်ခဲ့ဘူးဆိုရင် ထိုင်းလူ့အဖွဲ့အစည်းအတွင်း ပဋိပက္ခနဲ့ အကွဲအပြဲတွေ ပိုနက်ရှိုင်းလာမယ်လို့လည်း သူက သတိပေးသွားခဲ့ပါတယ်။