ရေဖြူမြို့နယ်၊ တောင်ရင်းအင်းရွာတွင် မေလ ၁၅ ရက်ညက အသက် ၄ဝ ကျော်အရွယ် အမျိုးသားတစ်ဦး ပျောက်ဆုံးနေကြောင်း ရွာသားများက ပြောသည်။
ပျောက်ဆုံးနေသူမှာ ဖားချောင်းကျေးရွာအုပ်စု၊ တောင်ရင်းအင်းရွာ အမှတ် ၃ ရပ်ကွက်က ဥယျာဉ်ခြံလုပ်ငန်းလုပ်ကိုင်သူ ဦးဆန်းဝင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။
“ညဘက်ကြီးပျောက်သွားတာ။ အဖွဲ့တစ်ခုခုက ဖမ်းသွားတာမျိုး ဟုတ်မဟုတ်တော့ အတိအကျပြောမရဘူး” ဟု တောင်ရင်းအင်းရွာသားတစ်ဦးက ပြောသည်။
ဦးဆန်းဝင်းသည် နေအိမ်တွင် ရှိနေရာမှာ ပျောက်သွားခြင်း ဖြစ်ပြီး မည်သို့ ပျောက်ဆုံးသွားသည်ကိုမူ အတိအကျ မသိရသေးကြောင်း ၎င်းက ပြောဆိုသည်။
ဦးဆန်းဝင်း ပျောက်ဆုံးပြီး ၂ ရက်အကြာ ယနေ့ မေ ၁၇ ရက်အထိ မိသားစုနှင့်အဆက်အသွယ်ပြန်မရသေးသလို တစ်စုံတစ်ရာ သတင်းမရသေးကြောင်း အထက်ပါဒေသခံက ဆိုသည်။
ပြီးခဲ့သည့်နှစ် ဇွန်လကလည်း ဖားချောင်းရွာတွင် စစ်ကောင်စီနှင့်နီးစပ်သည့် အမျိုးသားတစ်ဦးကို လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းခေါ်သွားပြီးနောက် တစ်ပတ်အကြာတွင် သေဆုံးသွားပြီဟု လူမှုကွန်ရက်တွင် သတင်းများပျံ့နှံ့ခဲ့ကြောင်း ရွာသားများထံမှ သိရသည်။
သေဆုံးသည်ဟု သတင်းထွက်ခဲ့သော်လည်း မိသားစုက ရုပ်အလောင်းကို မရရှိခဲ့သလို ဖမ်းဆီးသွားသူများကလည်း မိသားစုကို တစ်စုံတစ်ရာ အသိပေးခြင်း မရှိခဲ့ကြောင်း ၎င်းတို့က ဆိုသည်။
ရေဖြူမြို့နယ် ကံပေါက်တိုက်နယ်တွင် ပြီးခဲ့သည့် မတ်လက စစ်မှုထမ်းဟောင်း အမျိုးသားတစ်ဦး အပါအဝင် အမျိုးသား သုံးဦးကို အမည်မသိ လက်နက်ကိုင်တို့က ဖမ်းဆီးခဲ့သေးသည်။
ယင်းဖမ်းဆီးမှုများကို မည်သည့်အဖွဲ့က ပြုလုပ်သည်ကိုမူ မေလ ၁၇ ရက်အထိ ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း ဒေသခံများက ပြောသည်။