BREAKING
January 23, 2025

ကြက်သွန်၊ ငရုတ်ဈေးကျပြီး ငါးပုစွန်စျေးတက်လာသည့် ထားဝယ်ဈေးကွက်

May 17, 2024

ထားဝယ်ဈေးကွက်တွင် ယခုအပတ် ကြက်သွန်နှင့် ငရုတ် ဈေးကျလာသည်။

ယခင်အပတ်က ကြက်သွန်ဖြူ ထူး ၄ တစ်ပိဿာ ၉၅၀၀ကျပ်စျေးရှိရာမှ ယနေ့ မေလ ၁၇ရက်တွင် ၉၀၀၀ကျပ် ဖြစ်လာသည်။ ကြူကုတ်ကြက်သွန်ဖြူမှာလည်း တစ်ပိဿာ ၁၄၀၀၀ကျပ်စျေးရှိရာမှ ယနေ့ ၁၃၅၀၀ကျပ် ဖြစ်လာသည်။

တစ်ပတ်အတွင်း ကြက်ဖြူတစ်ပိဿာ ငါးရာကျပ် ဈေးကျသွားခြင်းဖြစ်သည်။

မိုးထောင်ငရုတ်သီးခြောက် တစ်ပိဿာဈေးမှာ ယခင်အပတ်က တစ်ပိဿာ ၁၀၀၀၀ ကျပ်မှ ယနေ့ တစ်ပိဿာ ၉၀၀၀ကျပ်သို့ ဖြစ်လာသည်။

တစ်ပတ်အတွင်း ငရုတ်သီးခြောက်တစ်ပိဿာလျှင် ကျပ် ၁၀၀၀‌ ဈေးကျလာခြင်းလည်း ဖြစ်သည်။

ရေထွက်ကုန်ပစ္စည်းများဖြစ်သည့် ငါး၊ ပုစွန်ဈေးနှုန်းများမှာ ဇယားပါအတိုင်း ယခုအပတ် ဈေးအမြင့်ဘက်တွင်ရှိနေသည်။

ယခုအပတ် ဈေးကွက်အတွင်း ငါး၊ ပုစွန်ဝင်ရောက်မှုနည်းပါးနေသောကြောင့် ဈေးတက်နေခြင်းဖြစ်ကြောင်း ထားဝယ်ငါးပုစွန် လက်လီလက်ကား ဖြန့်ချီသူတစ်ဦးက ပြောသည်။

“အရင်က တစ်နေ့ ပုံး ၅၀ လောက်ဝင်တယ်။ အခုက ပုံး ၂၀ လောက်ပဲ ရတော့တယ်” ဟု ၎င်းက ပြောဆိုသည်။

ရန်ကုန်မြို့မှတစ်ဆင့် သယ်ယူရောင်းချသည့် အကယ်ဒမီပေါ်ဆန်း ဆန်အမျိုးအစားမှာ ဈေးကွက်အတွင်း ပစ္စည်းပြတ်နေသည်ဟု ဆိုသည်။

လမ်းခရီးတွင် ကုန်တင်ယာဉ်များ ပိတ်ဆို့နေသည့်အတွက် အကယ်ဒမီဆန်အမျိုးအစားများ ဈေးကွက်တွင် လက်ကျန်ကုန်သွားခြင်းဖြစ်သည်။