BREAKING
January 9, 2025

ထားဝယ်တွင် မီးပျက်များသဖြင့် ညဘက် ဟိုတယ်အိပ်သူများလာ

May 17, 2024

ရာသီဥတု ပူပြင်းနေချိန် လျှပ်စစ်မီး ပြတ်တောက်မှုများလာသဖြင့် ထားဝယ်မြို့ခံများ ဟိုတယ်၌ အခန်းငှား အိပ်သူများလာကြောင်း စုံစမ်းသိရှိရသည်။

ထားဝယ်ခရိုင်တွင် ဧပြီလဆန်းမှစတင်ကာ လျှပ်စစ်မီး နာရီအနည်းသာရရှိကာ ပြတ်တောက်မှုများနေခြင်းဖြစ်သည်။

ယင်းသို့အခြေအနေတွင် ညနေ ၆ နာရီမှ နံနက် ၈ နာရီအထိ အဲယားကွန်းဖြင့် ညအိပ်နိုင်သော အခန်းငှားဝန်ဆောင်မှုကို ထားဝယ်မြို့အရှိ ဟိုတယ်အချို့က ကြေညာလာခဲ့သည်။

ကိုယ်ပိုင်မီးစက်မောင်းပြီး အဆိုပါဝန်ဆောင်မှုကို ပေးနေခြင်းဖြစ်သည်။

အများဆုံးငှားရသည်မှာ ၂ ယောက်အိပ်၊ ၃ ယောက်အိပ်အခန်းများနှင့် မိသားစုအခန်းများ ဖြစ်ကြောင်း ထားဝယ်မြို့ရှိ ဟိုတယ်မန်နေဂျာတစ်ဦးက ဆိုသည်။

“အခြားသူတွေကို ငှားနေရတာမဟုတ်ဘူး။ ကိုယ့်မြို့ထဲက လူတွေကိုပဲ ငှားနေရတာ။ အခုက မီးပျက်နေချိန်ဆိုတော့လေ” ဟု ၎င်းက ပြောသည်။

ကြိုတင်အော်ဒါမှာယူသူ အနည်းစုရှိပြီး အများစုမှာ ညနေ ၆ နာရီဝန်းကျင်မှ လာရောက်ငှားရမ်းလေ့ရှိကြောင်း ၎င်းက ပြောဆိုသည်။

ထားဝယ်မြို့ရှိ ဟိုတယ်အချို့မှာ နေ့ဘက်ငှားရမ်းသူမရှိဘဲ ညဘက်ငှားရမ်းအိပ်စက်သူ သိသိသာသာများလာကြောင်း ဆိုသည်။

“ဟို့နေ့ကဆိုရင် ဒီအချိန် (မတ်လ ၁၇ ရက် နေ့လယ် ၁၂ နာရီ) လောက်ကဆိုရင် ၄ ခန်းပဲ ငှားရသေးတယ်။ ညနေ ၆ နာရီ နောက်ပိုင်းလည်းဆိုရော ၁၆ ခန်းဖြစ်သွားလို့ ဗျာများသွားသေးတယ်” ဟု ဟိုတယ်နောက်တစ်ခုမှ ဝန်ထမ်းတစ်ဦးက ပြောသည်။

ဟိုတယ်ခမှာ ဝန်ဆောင်မှုပေါ်မူတည်ပြီး တစ်ညလျှင် ၃၀၀၀၀ ကျပ်မှ ၄၅၀၀၀ ကျပ်ဝန်းကျင်ရှိကြောင်း အဆိုပါဟိုတယ်များထံမှ သိရသည်။

အချို့ဟိုတယ်များမှာ ဖုန်း၊ ပါဝါဘဏ်များကို အခမဲ့အားသွင်းပေးသည့် ဝန်ဆောင်မှုများကိုပါထည့်သွင်း ကြေညာလေ့ရှိသည်။

ငွေကြေးတတ်နိုင်သူတို့က အဲယာကွန်းဖြင့် ဟော်တယ်တွင် သက်သောင့်သက်သာ အိပ်စက်နိုင်သော်လည်း သာမန်လူတန်စားတို့မှာမူ ညဘက်ပူအိုက်ချိန် အိမ်ရှေ့တွင် ယပ်ခတ်နေထိုင်နေကြရသည်။

ထားဝယ်ခရိုင်တွင် လျှပ်စစ်ပြတ်တောက်မှု များလာပြီးနောက်ပိုင်း ပါဝါဘဏ်၊ ဘထ္တရီ၊ အားသွင်းမီးသီး၊ DC လျှပ်စစ်ဖြင့် အားသွင်းနိုင်သော လျှပ်စစ်ပစ္စည်းများ အရောင်းသွက်လာခဲ့ပြီး ပစ္စည်းပြတ်လပ်သည်အထိ ဖြစ်ပွားခဲ့ဖူးသည်။

လျှပ်စစ်ကုမ္ပဏီဘက်ကမူ အင်ဂျင်ငါးလုံးပျက်နေသဖြင့် ပြုပြင်နေရပြီး ပြုပြင်နေသည့်ကာလအတွင်း အလှည့်ကျ ဓာတ်အားဖြန့်ဝေပေးမည့် ဇယားကို သုံးကြိမ်တိတိ အပြောင်းအလဲလုပ်ပြီး ထုတ်ပြန်ခဲ့ဖူးသည်။

သို့သော် ထုတ်ပြန်ထားသည့် အချိန်ဇယားအတိုင်း လျှပ်စစ်ဓာတ်အား မပေးနိုင်ခဲ့ကြောင်း ဒေသခံတို့ကဆိုသည်။

လက်ရှိတွင် အင်ဂျင်နှစ်လုံးပြင်ဆင်ပြီးဖြစ်ကြောင်း ကုမ္ပဏီက ထုတ်ပြန်ထားသော်လည်း မီးပျက်ချိန်မှာမူ ယခင်အတိုင်ပင် ရှိနေဆဲဖြစ်ကြောင်း ဒေသခံတို့က ပြောဆိုသည်။