BREAKING
October 19, 2024

အလုပ်ခန့်ထားသည်ကို အလုပ်ရှင် သတင်းမပို့မှုကြောင့် မြန်မာလုပ်သား ဖမ်းဆီးခံရ

May 17, 2024

ပုံစာ - မြန်မာအလုပ်သမားနှင့်အတူ ဖမ်းဆီးခံရသော ရုရှားအမျိုးသမီးကို တွေ့ရစဉ်။ Photo - Bangkok Post

ထိုင်းခရီးသွားကျွန်း ကော့ဖငန်းတွင် အလုပ်ခန့်ထားမှုနှင့် အလုပ်နေရာတို့ကို သတင်း မပို့ဟုဆိုကာ မြန်မာအလုပ်သမား အမျိုးသမီးတစ်ဦး ဖမ်းဆီးခံရကြောင်း Bangkok Post သတင်းတစ်ရပ်တွင် ဖော်ပြသည်။

ထိုင်းတောင်ပိုင်း စူရတ်ဌာနီခရိုင်ရှိ အဆိုပါကျွန်းပေါ်ဖွင့်ထားသော နေ့ကလေးထိန်းကျောင်းတစ်ခုကို ရဲတပ်ဖွဲ့များက မေလ ၁၅ ရက်နေ့က ဝင်ရောက် စစ်ဆေးခဲ့သည်။

မြန်မာအမျိုးသမီးတွင် အလုပ်လုပ်ခွင့်လက်မှတ်ရှိသော်လည်း အလုပ်နေရာ သတင်းမပို့ဟုဆိုကာ ဖမ်းဆီးခဲ့ကြောင်း ဆိုသည်။

လုပ်ငန်းခွင်အတွင်း နေထိုင်လုပ်ကိုင်နေပါက သတင်းပို့တိုင်ကြားရမည်မှာ အလုပ်ရှင်နှင့် အိမ်ရှင်သာ ဖြစ်သော်လည်း ဖမ်ဆီးခံရသူမှာ မြန်မာလုပ်သားဖြစ်နေကြောင်း ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) က အလုပ်သမားတာဝန်ခံ ကိုမင်းဦးက ပြောသည်။

“မြန်မာနိုင်ငံသားဖြစ်လို့ကို အကြောင်းရှာပြီး ဖမ်းနေတာမျိုးဖြစ်နေတယ်။ အခြားနိုင်ငံခြားသားတွေကိုဆိုရင်ရော ဒီလို သတင်းမပို့တာနဲ့ ပက်သက်ပြီး ဘာလို့ အရေးမယူတာလဲဆိုတာမျိုး မေးခွန်းထုတ်ရမယ်။ ဒါကြောင့် ဒီအတောအတွင်း မြန်မာတွေ သတိထားသွားလာကြဖို့ လိုမယ်ထင်ပါတယ်” ဟု ၎င်းက ပြောဆိုသည်။

နေ့ကလေးထိန်းကျောင်းတွင် ရုရှားအမျိုးသမီးတစ်ဦးနှင့် မြန်မာအမျိုးသမီးတစ်ဦးတို့ အလုပ်လုပ်နေပြီး နိုင်ငံခြားသား ကလေးငယ်များကို ထိန်းကျောင်းပေးနေသည်ကို စစ်ဆေးတွေ့ရှိရကြောင်း သတင်းတွင် ဖော်ပြသည်။

ရုရှားအမျိုးသမီးသည် ထိုင်းနိုင်ငံအတွင်း ခရီးသွားဗီဇာ (Tourist Visa) ဖြင့် အဆိုပါနေ့ကလေးထိန်းကျောင်းတွင် အလုပ်လုပ်နေသည်မှာ သုံးလခန့်ရှိနေပြီဖြစ်ကြောင်း အဆိုပါအမျိုးသမီးက ရဲတပ်ဖွဲ့ထံ ဝန်ခံထားသည်ဟု ဆိုသည်။

မြန်မာအမျိုးသမီးမှာ အကူအနေဖြင့် အလုပ်လုပ်ကိုင်နေသည်မှာ တစ်နှစ်ကျော်ကြာပြီ ဖြစ်ကြောင်း ဖော်ပြသည်။

ရုရှားနှင့် မြန်မာအမျိုးသမီးနှစ်ဦးစလုံးကို ဘယ်လာရုစ်နိုင်ငံသားတစ်ဦးက အလုပ်ခန့်ထားခြင်းဖြစ်သဖြင့် ဘယ်လာရုစ်နိုင်ငံသားကို ဖမ်းဆီးရန်ဆက်လက်စုံစမ်းသွားမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

လက်ရှိတွင် တရားမဝင် အလုပ်လုပ်ကိုင်နေမှုဖြင့် ရုရှားအမျိုးသမီးကို အမှုဖွင့်အရေးယူထားပြီး မြန်မာအမျိုးသမီးကိုမူ အလုပ် လုပ်သောနေရာကို သတင်းပို့ တိုင်ကြားခြင်းမမှုဖြင့် အမှုဖွင့်အရေးယူထားကြောင်း ထုတ်ပြန်ထားသည်။