BREAKING
September 19, 2024

ကျုံအိတ်တံတား မြေသားလမ်းလွှဲမှ သွားနိုင်ပြီ၊ တစ်လှည့်စီဖြတ်ရ၍ ကားရာချီစောင့်ဆိုင်းနေရ

May 17, 2024

ပုံစာ - ‌မေလ ၁၇ ရက်နေ့ နံနက်ပိုင်းက ကျုံအိတ်တံတားလမ်းလွှဲမှ ကားများ ဖြတ်သန်းသွားလာနေစဉ်။

မွန်ပြည်နယ်၊ ဘီးလင်းနှင့် သထုံမြို့နယ်ကြားရှိ မိုင်းခွဲဖျက်ဆီးခံရသည့် ကျုံအိတ်တံတားနေရာတွင် မြေသားလမ်းလွှဲမှ တစ်ဆင့် ကားများ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်သော်လည်း တစ်လှည့်စီဖြတ်သန်းနေရသည့်အတွက် ကားရာနှင့်ချီ စောင့်ဆိုင်းနေရကြောင်း ခရီးသွားပြည်သူတို့ထံမှ သိရသည်။

ရန်ကုန်-မော်လမြိုင်-ထားဝယ်ကားလမ်းပေါ်ရှိ ကျုံအိတ်တံတားသည် မေလ ၁၁ ရက် အစောပိုင်းက မိုင်းခွဲခံရပြီး တံတားတစ်စင်းလုံး ပြိုကျပျက်စီးသွားခဲ့သည်။

မိုင်းခွဲခံရပြီး ပြိုကျပျက်စီးသွားသည့် တံတားနေရာတွင် ယာယီဖြတ်သန်းသွားလာနိုင်ရန်အတွက် တံတားဘေး လမ်းလွှဲကို မြေသားဖို့ပြီးနောက် မေလ ၁၆ ရက်မှစတင်ကာ ကားငယ်များကို ဖြတ်သန်းခွင့်ပေးခဲ့ကာ ယနေ့ မေလ ၁၇ ရက်တွင် ကုန်တင်ကား၊ ခရီးသည်တင်မှန်လုံကားများပါ ဖြတ်သန်းသွားလာခွင့်ပြုနေကြောင်း ကားမောင်းသူက ပြောသည်။

သို့သော် လမ်းလွှဲမှာ တစ်လမ်းသွားဖြစ်ပြီး ရန်ကုန်ဘက်မှ လာသောကားနှင့် မော်လမြိုင်ဘက်က သွားသည့်ကားများ တစ်လှည့်စီဖြတ်သန်းခွင့် ပြုနေသည့်အတွက် နှစ်ဖက်စလုံးတွင် ကားအများအပြား စောင့်ဆိုင်းနေရကြောင်း ကားသမားနှင့် ခရီးသွားတို့က ဆိုသည်။

“ကားတွေက ဖြတ်လို့ရနေပြီ။ ဒါပေမဲ့ လမ်းက ကားတစ်စီးစာပဲ သွားလို့ရနေတော့ အလှည့်နဲ့ ပေးဖြတ်နေတာဆိုတော့ ကားတွေက ကိုယ့်အလှည့်ရောက်ဖို့ စောင့်နေရတယ်။ ဟိုဘက် ဒီဘက် ကားတွေအများကြီးပဲ တန်းစီစောင့်နေကြတယ်” ဟု မော်လမြိုင်မှ ကားသမားတစ်ဦးက ပြောသည်။

ကျုံအိတ်တံတားမိုင်းခွဲခံရပြီးနောက်တွင် ကားများ ကျုံအိတ်တံတားကိုရှောင်ပြီး ရွှေရောင်ပြနှင့် မိုးကောင်းကျေးရွာချင်းဆက် လမ်းဘက်က သွားလာခဲ့ကြပြီး လမ်းကျဉ်းသဖြင့် ကားရာနှင့်ချီ ပိတ်ဆို့ခဲ့သည်။

ကျုံအိတ်တံတား မိုင်းခွဲဖျက်ဆီးခံရပြီးနောက် မွန်ပြည်နယ်ထွက်ကုန်ပစ္စည်းများ အထူးသဖြင့် ရာသီစာဖြစ်သည့် ဒူးရင်းသီးများ သယ်ယူပို့ဆောင်၍ မရသည့်အတွက် ဆုံးရှုံးမှုရှိခဲ့ကြောင်း ဒူးရင်းသီးကုန်သည်တို့ထံမှ သိရသည်။

“တံတားကျိုးတော့ ကားသွားမရလို့ ဒူးရင်းသီးတွေ ပုံနေတာ။ ခူးထားပြီးမှ တံတားကကျိုးသွားတော့ ဒုက္ခတွေရောက်။ ရတဲ့စျေးနဲ့ ရောင်းနေရတယ်။ ဒူးရင်းသီးက ထားလို့မှ မရတာလေ” ဟု ဒူးရင်းသီးအရောင်းအဝယ်ပြုလုပ်နေသူတစ်ဦးက ပြောသည်။

မိုင်းခွဲဖျက်ဆီးခံထားရသည့် ကျုံအိတ်တံတားကို ဘေလီတံတားအသစ် အမြန်တည်ဆောက်သွားမည်ဟု စစ်ကောင်စီ၏ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောက်ကြည်သိန်းက ပြိုကျသွားသည့်တံတားကို မေလ ၁၂ ရက်ကသွားရောက်ကြည့်ရှူခဲ့စဉ် ပြောဆိုထားသည်။

ပြီးခဲ့သည့်နှစ် ဇွန်လကုန်ပိုင်းခန့်ကလည်း ကျုံအိတ်တံတားကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တို့က မိုင်းခွဲခဲ့ပြီး တံတားတစ်ခြမ်းပြိုကျပျက်စီးသွားခဲ့သေးသည်။

စစ်ကောင်စီက ကျုံအိတ်တံတားကို အသုံးပြုပြီး လက်နက်၊ ရိက္ခာများသယ်ဆောင်နေသည့်အတွက် စစ်ကောင်စီလမ်းကြောင်းကို ဖြတ်တောက်သည့်အနေဖြင့် တံတားကို မိုင်းခွဲခြင်းဖြစ်သည်ဟု ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဘက်က သတင်းမီဒီယာတွေကို ပြောဆိုထားသည်။