သရက်ချောင်းမြို့နယ်၊ ကနက်သီရိရွာတွင် ရဟတ်ယာဉ်ဖြင့် ဗုံးကြဲသောကြောင့် ကလေးတစ်ဦးသေဆုံးပြီး စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်မှုကြောင့် အမျိုးသားနှစ်ဦး သေဆုံးကြောင်း ဒေသခံအချို့က ပြောသည်။
မေလ ၁၆ရက် မွန်းလွဲ ၁နာရီကျော်တွင် ကနက်သီရိရွာ၊ ဂုံညှင်းဆိပ်ရွာ၊ ကတွဲရွာဘက်ကို စစ်ကောင်စီတပ်က Mi-2 ရဟတ် ယာဉ် တစ်စင်းဖြင့်ထပ်မံဗုံးကြဲတိုက်ခိုက်ပြီး ဂုံညှင်းဆိပ်ရွာက သားအမိနှစ်ဦး ဒဏ်ရာရကြောင်း ဒေသခံအချို့က ဆိုသည်။
“သားအမိနှစ်ဦးဒဏ်ရာရတယ်။ မနေ့က ဆေးရုံကိုပို့ပေးလိုက်တယ်လို့ကြားတယ်။ ဒီနေ့မနက်မှာ အသက် ၁၅ နှစ် သူ့သားလေး ဆုံးသွားပြီလို့ကြားတယ်။ ဂုံညှင်းဆိပ်ရွာက ဆေးခန်းနဲ့ အိမ်တစ်လုံးပျက်စီးတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
ဒဏ်ရာရသည့် မိခင်ဖြစ်သူအမျိုးသမီးမှာ အသက် ၄၆ နှစ်အရွယ် ဒေါ်မာမာဝင်းဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။
ယင်းအပြင် မေလ ၁၄ ရက်က တိုက်ပွဲဖြစ်ပွားနေစဉ် စစ်ကောင်စီတပ်နှင့် တွေ့ပြီး ထွက်ပြေးသည့် အမျိုးသားတစ်ဦးနှင့် နောက်အမျိုးသားတစ်ဦးပစ်ခတ်ခံရပြီးသေဆုံးကြောင်း ကနက်သီရိကျေးရွာက စစ်ဘေးရှောင်များကို ကူညီနေသူတစ်ဦးက ပြောဆိုသည်။
“တစ်ယောက်ကတော့ တိုက်ပွဲဖြစ်နေချိန်ထွက်ပြေးလို့ ပစ်သတ်ခံရတယ်။ နောက်တစ်ယောက်ကတော့ စစ်တပ်က အိမ်တွေ မီးရှို့လို့ မီးလောင်နေတာကို ဓာတ်ပုံထွက်ရိုက်တာမှာ လူရောဖုန်းရော အဖမ်းခံရပြီး ပစ်သတ်ခံရတာ” ဟု ၎င်းက ပြောသည်။
သေဆုံးနှစ်ဦးအနက် တစ်ဦးမှာ အသက် ၄၇ နှစ်အရွယ် ဦးအောင်သန်းခိုင်ဖြစ်ပြီး ကျန်တစ်ဦးမှာ အသက် ၄၀ ခန့်ရှိ ဦးအောင်နိုင်ဆိုသူဖြစ်ကြောင်း ၎င်းက ဆိုသည်။
ကနက်သီရိရွာထဲတွင် စစ်ကောင်စီတပ်ဖွဲ့ရှိနေပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေသဖြင့် တစ်ဦးကို ရငဲရွာကိုယူဆောင်ကာ မီးသင်္ဂြိုဟ်ခဲ့ပြီး ကျန်တစ်ဦးကိုမူ ကနက်သီရိရွာတွင် မီးသင်္ဂြိုဟ်ခဲ့ကြောင်း အထက်ပါပုဂ္ဂိုလ်က ပြောဆိုသည်။
ကနက်သီရိကျေးရွာက နေအိမ်အချို့ကို စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ်အချို့မှာ လေယာဉ်ဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် မီးလောင်ပျက်စီးကြောင်း ယင်းကျေးရွာက စစ်ဘေးရှောင်နေသည့် ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။
“အခုလက်ရှိ မီးလောင်တဲ့ အိမ်အားလုံး ကိုးလုံးလောက်ရှိတယ်” ဟု ၎င်းက ပြောသည်။
မေလ ၈ ရက်တွင် ထားဝယ်-မြိတ်သွားကားလမ်းပေါ်က ပဲဒက်စခန်းအသိမ်းခံရပြီးနောက် ကနက်သီရိကျေးရွာကို စစ်ကောင်စီ တပ်က မေလ ၈ ရက်နှင့် မေလ ၁၀ ရက်တို့တွင် တိုက်ပွဲမရှိဘဲ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ကလေးနှစ်ဦးနှင့် အမျိုးသား သုံးဦးသေဆုံးခဲ့သည်။
ကနက်သီရိကျေးရွာတွင် မေလ ၁၄ ရက်ကစ၍ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေပြီး မေလ ၁၄၊ ၁၅၊ ၁၆ ရက်များတွင် စစ်တပ်က ကြည်း၊ ရေ၊ လေတို့ဖြင့် ပစ်ခတ်တိုက်ခိုက်နေသည်။
ယင်းကျေးရွာ ပင်လယ်ဝကို စစ်ကောင်စီရေတပ် စစ်သင်္ဘော သုံးစီးရောက်ရှိနေပြီး အင်အား ၁၀၀ ခန့်ရှိသည် စစ်ကောင်စီ တပ်နှင့် KNLA၊ PDFပူးပေါင်းတပ်တို့ နှစ်ဖက်တိုက်ပွဲပြင်းထန်နေကြောင်း တော်လှန်းရေးတပ်ဖွဲ့တို့ထံမှ သိရသည်။
ကနက်သီရိမှာ ပဲဒက်စခန်းနှင့် ၃၂ မိုင်ခန့်အကွာတွင်တည်ရှိသည်။ ကနက်သီရိရွာနှင့် ဝင်းဝစခန်းမှာ ထားဝယ်-မြိတ် ကားလမ်းအတိုင်းဆိုလျှင် ၉ မိုင်ခန့်ရှိပြီး ရေလမ်းဆိုလျှင် ၆ မိုင်ခန့်အကွာအဝေးတွင် တည်ရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။