BREAKING
January 9, 2025

ထားဝယ်ဒေသတွင် တောင်သူလက်ထဲ ကွမ်းသီးပြတ်ချိန်ဈေးထိုးတက်

May 17, 2024

ထားဝယ်ဒေသ၌ တောင်သူများထံတွင် ကွမ်းသီးပြတ်လပ်သွားချိန်တွင် ကွမ်းသီးဈေးတက်လာကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။

ပြီးခဲ့သည့် မတ်လဝန်းကျင်က ကွမ်းသီးခြောက်တစ်ပိဿာလျှင် ကျပ်သုံးထောင်ဝန်းကျင်သာ ပေါက်ဈေးရှိရာမှ ယခုလဆန်း ပိုင်းမှစကာ တစ်ပိဿာလျှင် ၅၅၀၀ ကျပ်ဝန်းကျင်ရှိလာကြောင်း တောင်သူများနှင့် ပွဲရုံပိုင်ရှင်အချို့ထံမှ သိရသည်။

နှစ်စဉ် အောက်တိုဘာလတွင် ကွမ်းသီးစပေါ်လေ့ရှိပြီး လက်ရှိကာလတွင် ကွမ်းသီးထွက်ရှိခြင်း မရှိတော့ပေ။

ထို့ကြောင့် တောင်သူများလက်ဝယ်တွင် ကွမ်းသီးမရှိတော့ဘဲ ပွဲရုံများနှင့် ဝယ်ပြီးသိုလှောင်ထားသူများထံတွင်သာ ရှိတော့သည့် အချိန်လည်းဖြစ်သည်။

ပြီးခဲ့သည့်နှစ်များက ပွဲရုံများတွင် တောင်သူပိုင်ကွမ်းသီးကို ထားသိုခွင့်ပေးသော်လည်း ယခုနှစ်တွင်မူ ဈေးတက်သည့်အချိန်ထိ ထားခွင့် မပေးတော့ကြောင်း ထားဝယ်အရှေ့တောဒေသ ဝကုန်ရွာက ကွမ်းသီးတောင်သူအမျိုးသမီးတစ်ဦးက ပြောသည်။

ပွဲရုံပိုင်ရှင်များက ကွမ်းသီးထားသိုခွင့်မပေးတော့ဘဲ တောင်သူများကို ငွေပေးချေလိုက်သဖြင့် တောင်သူများလက်ဝယ် လက်ကျန်ကွမ်းသီး မရှိတော့ကြောင်း ၎င်းက ဆိုသည်။

“အခု သုံးလပိုင်းတုန်းက ရောင်းလိုက်တာ တစ်ပိဿာ နှစ်ထောင့်ငါးရာ ရတယ်။ စားဖို့လည်းလိုတယ်။ သူများ အကြွေး ပေးဖို့လည်း လိုတယ်ဆိုတော့ ရောင်းလိုက်တယ်။ သူများအကြွေးတောင် ဒီနှစ်မကျေဘူး” ဟု ဝကုန်းရွာက အထက်ပါ အမျိုးသမီးက ပြောသည်။

လက်ရှိတွင် အိန္ဒိယနိုင်ငံဘက်က ကွမ်းသီးအဝယ်လိုက်လာသဖြင့် ဈေးတက်လာခြင်းဖြစ်ကြောင်း ပွဲရုံပိုင်ရှင်များနှင့် ကိုယ်စားလှယ်များက ပြောသည်။

ကွမ်းသီးပေါများသည့်အချိန်တွင် ဝယ်လက်နည်းပြီး ရောင်းသူများသဖြင့် ဈေးကောင်းမရခြင်းဖြစ်ကြောင်း ရန်ကုန်မြို့က ပွဲရုံပိုင်ရှင် အမျိုးသားတစ်ဦးက ဆိုသည်။

“အခုက အဝယ်လိုက်လို့ပေါ့။ နိုင်ငံခြားကလည်း လိုအပ်မှုရှိလို့ အဲဒါကြောင့်တက်လာတာ။ အရင်က လုံးဝ ရပ်နေတာတော့ မဟုတ်ဘူး ဝယ်နေတာပဲ။ အခုကတော့ မြိတ်ကနေ ရန်ကုန်လာတဲ့လမ်းကလည်း ပိတ်နေတော့ ဈေးက တက်လာတာပေါ့။ အခုက လိုအပ်ချက်များနေတော့ ဈေးတက်လာတာပေါ့” ဟု ၎င်းက ပြောသည်။

တနင်္သာရီတိုင်းအတွင်းရှိ ထားဝယ်၊ မြိတ်နှင့် ကော့သောင်းခရိုင်များတွင် ကွမ်းသီးပင် အများအပြားစိုက်ပျိုးထားပြီး ကွမ်းသီးထွက်ရှိမှု များပြားသည်။

တနင်္သာရီတိုင်းက ထွက်သည့် ကွမ်းသီးများကို တမူးနယ်စပ်မှတဆင့် အိန္ဒိယသို့ အများဆုံးတင်ပို့ရောင်းချလေ့ရှိသည်။

၂၀၂၂ခုနှစ်က မြန်မာ-အိန္ဒိယနယ်စပ်ဖြစ်သည့် စစ်ကိုင်းတိုင်း တမူးနယ်စပ်ဂိတ်မှ မြန်မာအလုပ်သမားများ တရားမဝင် ဝင်ရောက်မှု မြင့်တက်နေသည်ဟုဆိုကာ အိန္ဒိယဘက်က သုံးလ ပိတ်ပြီးနောက် ပြည်တွင်းကွမ်းသီးဈေးထိုးကျခဲ့သည်။

ထို့နောက် ယခုနှစ် မတ်လမှစကာ စစ်ကိုင်းတိုင်းအထက်ပိုင်း တမူးမြို့နှင့် မဏိပူရ်ပြည်နယ်၊ မိုးရေးမြို့ကြားရှိ နယ်စပ် ကုန်သွယ်ရေးဂိတ်များကို အိန္ဒိယဘက်က အချိန်အကန့်အသတ်ဖြင့် ယာယီပြန်ဖွင့်ပေးနေကြောင်း ပြည်တွင်းသတင်း အချို့တွင် ဖော်ပြသည်။

တစ်ဖက်တွင်လည်း တနင်္သာရီတိုင်းအတွင်း တိုက်ပွဲနှင့် လေကြောင်းတိုက်ခိုက်မှု ပိုမိုပြင်းထန်နေသည့်အတွက် ကွမ်းစိုက်တောင်သူများအပါအဝင် ဥယျာဉ်ခြံလုပ်ငန်း မလုပ်ရသည့် အခြေအနေဖြစ်နေသည်။

ထို့အပြင် စစ်ကောင်စီတပ်က ဥယျာဉ်ခြံသွားသည့်လမ်းများနှင့် ခြံအတွင်း မြေမြှုပ်မိုင်း ထောင်ထားလေ့ရှိပြီး ဒေသခံတောင်သူများ မိုင်းနင်းမိသည့်ဖြစ်စဉ်များ ခပ်စိပ်စိပ်ရှိနေသည်။