BREAKING
October 18, 2024

အပူဒဏ်ကြောင့် သီးပင်စားပင်များသေဆုံး

May 17, 2024

ပုံစာ - ရေဖြူမြို့နယ်မှ ကွမ်းခြံတစ်ခြံတွင် ယခုနှစ်နွေရာသီ၌ ကွမ်းပင်များဝါလာသည်ကိုတွေ့ရစဥ်။ ဓာတ်ပုံ - Dawei Watch

ယခုနှစ်နွေရာသီ၌ အပူချိန်ပြင်းထန်ပြီး ရေရှားပါးမှု အခက်ခဲတို့ကြောင့် သီးပင်စားပင်များသေဆုံးမှုများကြောင်း ဥယျာဥ်ခြံလုပ်ငန်းလုပ်ကိုင်သူအချို့ထံမှ သိရသည်။

သံပရာပင်၊ ဒူးရင်း၊ ကွမ်းသီး အစရှိသည့် နှစ်ရှည်သီးနှံပင်များသေဆုံးနှုန်းများနေသည့်အပြင် အသီးလည်း မသီးနိုင်ကြကြောင်း ထားဝယ်ခရိုင်ရှိ ဥယျာဉ်ခြံပိုင်ရှင်အချို့က ဆိုသည်။

ရေဖြူမြို့နယ် ကလိန်အောင်မြို့ရှိ သံပရာခြံများမှာ အပင်သေဆုံးမှုများပြားနေကြကြောင်း သံပရာစိုက်တောင်သူအချို့ထံမှ သိရသည်။

“အရင်က မဖြစ်ဖူးဘူး ။ ရာသီဥတုကြောင့်ပဲ ဆိုရမယ်။ သံပုရာပင်တွေ အသီးသီးပြီးတာနဲ့ ခြောက်ပြီး သေသွားတယ်” ဟု ကလိန်‌အောင်ဒေသခံ ခြံပိုင်ရှင်တစ်ဦးက ပြောသည်။

သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ်တွင်လည်း ရာသီဥတုပူပြင်းသဖြင့် ကွမ်းသီးပင်အချို့သေဆုံးပြီး ဒူးရင်းပင် များလည်း အသီးနောက်ကျနေကြောင်း ဥယျာဥ်ခြံလုပ်ကိုင်သူတစ်ဦးက ဆိုသည်။

“အခုနှစ်က အပူဒဏ်ခံနိုင်တဲ့ သီဟိုဠ်ပင်တွေတောင် ဝါတယ်။ ဒူးရင်းလည်း အသီးနောက်ကျတယ်။ အခုထိ ကောင်းကောင်း မသီးသေးဘူး” ဟု ၎င်းက ပြောဆိုသည်။

လောင်းလုံးမြို့နယ်မှ ကွမ်းသီးပင် စိုက်တောင်သူတစ်ဦးဖြစ်သူ ဦးကိုအောင်ကလည်း ၎င်းခြံရှိ ၃ နှစ်သားအရွယ် ကွမ်းသီးပင် ၃၀၀ ခန့်သေသွားကြောင်း ဆိုသည်။

“ရာသီဥတုက ပူတဲ့ကြားထဲ မီးမမှန်တော့ ရေမလောင်းနိုင်တာလည်းပါတယ်။ တိုက်ပွဲတွေဖြစ်ပြီဆိုရင်လည်း သုံးလေးရက် တစ်ပတ်လောက်ခြံကို ပစ်ပြီးပြေးရတာတွေ ရှိတာကိုး” ဟု ၎င်းက ပြောသည်။

သရက်သီး၊ ဒူးရင်းသီး၊ မင်းဂွတ်သီး၊ သံပရာသီး အစရှိသည့် အသီးများမှာလည်း အပူချိန်ကြောင့် မကြီးထွားကြကြောင်း ဥယျာဉ်ခြံသမားတို့ထံမှ သိရသည်။

အပင်များအတွက် ဓာတ်မြေဩဇာကဲ့သို့သော သွင်းအားစု‌များ ဈေးနှုန်း မြင့်တက်နေချိန် ရာသီဥတုဒဏ်ကြောင့် အပင်များ သေခြင်း၊ အထွက်အနှုန်း‌ကျဆင်းခြင်း၊ အသီးမထွားနိုင်ခြင်းတို့ကြောင့် တောင်သူများ ညည်းတွားနေကြသည်။

ယခုနှစ်နွေရာသီတွင် တနင်္သာရီတိုင်းအပါအဝင် နိုင်ငံတဝန်း အယ်နီညိုဖြစ်စဉ်ကြောင့် စံချိန်တင်အပူချိန်မြင့်တက်ခဲ့ကြသည်။

တိုင်းအတွင်းရှိ ထားဝယ်၊ လောင်းလုံး၊ မြိတ်နှင့် ကော့သောင်းမြို့တို့တွင် ဖေဖော်ဝါရီလမှ ဧပြီလအတွင်း အပူချိန် ၃၉ ဒီဂရီဆဲစီးယပ်မှ ၄၀ဒီဂရီဆဲစီးယပ်အထိရောက်ရှိပြီး အပူချိန်စံချိန်သစ်များတင်ခဲ့သည်။

ဒေသတွင်းရှိ စိုက်ပျိုးရေးပညာရှင်တို့ကမူ ရာသီဥတုပူပြင်းမှုကြောင့် သီးပင် စားပင်များ ဆုံးရှုံးမှု မများစေရန် တောင်သူများ ကြိုတင်လေ့လာထားရမည်ဖြစ်ကြောင်းပြောဆိုသည်။

အပူချိန်ကို ထိန်းသိမ်းရန်အတွက် အပင်ခြေရင်းများကို မြက်ပင်များဖုံးအုပ်ပေးခြင်းစသည့်နည်းလမ်းတို့ဖြင့်ပြုလုပ်နိုင် ကြောင်း ကလိန်အောင်ဒေသခံ စိုက်ပျိုးကျွမ်းကျင်သူတစ်ဦးက ဆိုသည်။ ယင်းအပြင် အပင်များကို မြေဩစာပုံမှန် ထည့်ပေး ရန်လည်း လိုအပ်သည်ဟုဆိုသည်။

သစ်ပင်များအလွန်ကျွံခုတ်ယူနေခြင်း၊ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ထုတ်လွှတ်သည့် စက်ရုံ၊ အလုပ်ရုံများနှင့် စက်ကိရိယာပစ္စည်းများ တိုးပွားလာနေခြင်း စသည်တို့ကြောင့် ရာသီဥတုမှာ တစ်နှစ်ထက်တစ်နှစ် ပိုမိုပူပြင်းလာနေပြီ ဖြစ်ကြောင်း ပညာရှင်များက သတိပေးထားသည်။

ထို့ကြောင့် ပြောင်းလဲလာသည့် ရာသီဥတုနှင့် လိုက်လျောညီထွေသည့် စိုက်ပျိုးရေးနည်းပညာများကို လေ့လာဆည်းပူးရန် လိုအပ်နေပြီး တစ်ဖက်တွင်လည်း ရာသီဥတုပြောင်းလဲမှုကို စုပေါင်းကာကွယ်ရန် လိုအပ်ကြောင်း ပညာရှင်များက အထောက်ပြ သတိပေးလျက်ရှိသည်။