BREAKING
February 22, 2025

မြိတ်တွင် လျှပ်စစ်မီတာခ ၃၅ ကျပ် ဈေးပြန်ကျ

May 17, 2022

မြိတ်မြို့တွင် ဧပြီလအတွက် လျှပ်စစ်မီတာခဈေးနှုန်း တစ်ယူနစ်လျှင် ၃၅ ကျပ် ဈေးပြန်ကျဆင်းကြောင်း လျှပ်စစ်မီးသုံးစွဲသူတို့ထံမှ သိရသည်။

မတ်လသုံးစွဲခအတွက် တစ်ယူနစ်လျှင် ၇၆၅ ကျပ် ပေးဆောင်ရပြီး ဧပြီလအတွက် တစ်ယူနစ် ၇၃၀ ကျပ် ပေးဆောင်ရကြောင်း ၎င်းတို့ထံမှ သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလအတွက် တစ်ယူနစ် ၄၇၈ ကျပ်၊ ဖေဖာ်ဝါရီလအတွက် ၅၆၅ ကျပ်၊ မတ်လအတွက် ၇၆၅ ကျပ်အထိ ပေးဆောင်ခဲ့ရခြင်းဖြစ်သည်။

“ဈေးတက်တုန်းက ခုန်တက်တယ်။ ဈေးကျတော့ ၃၀ တည်း။ များများကျမှပဲ မီးဖိုးသက်သာမယ်” ဟု မြိတ်တောင်ရပ်နေ လျှပ်စစ်မီးသုံးစွဲသူတစ်ဦးက ပြောသည်။

မြိတ်မြို့ ရွှေပြည်တန်ရပ်နေ အသက် ၄၀ နှစ်ရှိ အမျိုးသားတစ်ဦးကလည်း မီတာခ ရှစ်သောင်းကျပ်ဝန်းကျင် ပေးသွင်းနေရပြီး ဧပြီလတွင် တစ်ယူနစ် ၃၅ကျပ် ဈေးကျသဖြင့် ငွေသုံးထောင်ခန့်သာ သက်သာမည် ဖြစ်ကြောင်း ပြောဆိုသည်။

မြိတ်မြို့နယ်အတွက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးခြင်းလုပ်ငန်းအား တစ်ယူနစ် ၂၉၂ ကျပ်နှုန်းဖြင့် Petro & Trans Co., Ltd က ပြီးခဲ့သည့် အစိုးရလက်ထက်က တင်ဒါအောင်မြင်ထားသည်။

တစ်ယူနစ်လျှင် ၂၉၂ ကျပ်ဖြင့် တင်ဒါအောင်မြင်ထားသော်လည်း အာဏာသိမ်းပြီးနောက်တွင် မီတာခ ဈေးနှုန်း တစ်လထက် တစ်လ ဈေးမြင့်တက်လာပြီး ၇၆၅ ကျပ်အထိ ပေးဆောင်ခဲ့ကြရသည်။

၂၀၂၁ ခုနှစ် ဧပြီလမှစတင်ကာ တင်ဒါအောင်ဈေးနှုန်း ၂၉၂ ကျပ်ထက် ပိုမိုတိုးမြှင့် ကောက်ခံလာခြင်း ဖြစ်သည်။

၂၀၂၁ ခုနှစ် ဧပြီလတွင် ၂၉၅ ကျပ်၊ မေ၊ ဇွန်၊ ဇူလိုင်လတို့တွင် ၃၈၅ ကျပ်၊ ဩဂုတ်လတွင် ၃၉၈ ကျပ်၊ စက်တင်ဘာလတွင် ၄၂၀ ကျပ်၊ အောက်တိုဘာလတွင် ၄၇၀ ကျပ်၊ နိုဝင်ဘာလမှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလအထိ ၄၇၈ ကျပ် စသဖြင့် မီတာခဈေးနှုန်း ဆက်တိုက် မြင့်တက်လာနေခြင်းဖြစ်သည်။

လောင်စာဆီ ဒီဇယ်ဈေးနှုန်းမြင့်တက်ခြင်းကြောင့် မီတာဈေးနှုန်း မြင့်တက်ရခြင်းဖြစ်ပြီး ဆီဈေး အပေါ်မူတည်ကာ မီတာခကို ကောက်ခံမည်ဖြစ်ကြောင်း Petro & Trans Co., Ltd တာဝန်ရှိသူတို့က ပြောဆိုထားသည်။

မီတာခဈေးနှုန်းများ လစဉ်ဆက်တိုက် မြင့်တက်လာချိန်တွင် အဆိုပါကုမ္ပဏီကို ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းသော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိတော့ပေ။