ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းရှိ သိန်ခွန်းရွာတွင် နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က အထိနာသလို တော်လှန်ရေးတပ်ဖွဲ့ဘက်ကလည်း နှစ်ဦးဒဏ်ရာရကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ပြောသည်။
ဧပြီလ ၁၄ရက်နှင့် ၁၅ရက် သိန်ခွန်းရွာတွင် နှစ်ရက်ဆက်တိုက်ပွဲပြင်းထန်ဖြစ်ခဲ့ကြောင်း အသက် ၄၃နှစ်အရွယ် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
”တိုက်ပွဲက တော်တော်လေးပြင်းတယ်။ (စစ်ကောင်စီ) သူတို့ဘက်က အထိနာသွားတယ်။ ကျွန်တော်တို့ဘက်က နှစ်ဦးဒဏ်ရာ ရသွားသေးတယ်” ဟု ၎င်းက ပြောဆိုသည်။
တော်လှန်ရေးတပ်ဖွဲ့ဝင်များသည် သိန်ခွန်းနယ်မြေတစ်ဝိုက် နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရာ စစ်ကောင်စီတပ်သားများနှင့် ထိပ်တိုက်တိုး၍ တိုက်ပွဲဖြစ်ပွါးခြင်းဖြစ်ကြောင်း အသက် ၃၂နှစ်အရွယ် တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ဆိုသည်။
”သိန်ခွန်းမှာ တစ်ရက်ခြား နှစ်ရက်ခြား တိုက်ပွဲမကြာခဏ ဖြစ်နေတယ်။ အချို့တိုက်ပွဲဆိုရင် ကျွန်တော်ဘက်ကလည်း အထိနာတာရှိသလို သူတို့လက်နက်ပြန်ရတာလည်းရှိတယ်” ၎င်းက ပြောသည်။
နှစ်ရက်တာ တိုက်ပွဲတွင် စစ်ကောင်စီတပ်ထံမှ လက်နက်အချို့ သိမ်းဆည်းရမိသည့်အပြင် သေဆုံးသူနှင့်ဒဏ်ရာရသူ များပြားနိုင်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင် အခြားတစ်ဦးက ပြောဆိုသည်။
သိန်ခွန်းကျေးရွာနှင့်နီးစပ်သည့် ရွာများတွင် တိုက်ပွဲဖြစ်နေသည်မှာ ၄ လကျော် ကြာမြင့်လာပြီး တနသ်ာရီမြို့နယ်တွင် ကာလ ကြာရှည်ဆုံး တိုက်ပွဲဟုလည်း ဆိုနိုင်သည်။