မြန်မာနှစ်ဆန်းတစ်ရက် စစ်ကောင်စီ၏ လွတ်ငြိမ်ခွင့်တွင် ထားဝယ်အကျဥ်းထောင်က အကျဥ်းသား ၂၂ ဦး နှင့် အကျဥ်းသူ တစ်ဦး စုစုပေါင်း ၂၃ဦး ဧပြီလ ၁၇ ရက် နံနက်ပိုင်းတွင် လွတ်မြောက်လာကြောင်း သွားရောက်စောင့်ဆိုင်းခဲ့သူများထံမှ သိရသည်။
လွှတ်ပေးရာတွင်ပါဝင်သူများကို နံနက် ၁၁ နာရီခန့်တွင် ထောင်မှ မြို့မရဲစခန်းသို့ ခေါ်ဆောင်ကာ ခံဝန်ထိုးခိုင်း၍ ရဲစခန်းမှ ပြန်လွှတ်ပေးခြင်းဖြစ်သည်။
“အမျိုးသမီးထဲမှာ နိုင်ငံရေးအမှု မပါဘူး။ လောင်းကစားမှု လွတ်ရက်စေ့ခါနီး တစ်ယောက်ပါတယ်။ ကျန်တာက ယောင်္ကျားတွေပဲ ပါတယ်။ လာစောင့်ပြီး မပါသူတွေလည်း ရှိတယ်” ဟု မြို့မရဲစခန်း ရှေ့တွင် လွတ်လာမည့်သူများအား သွားရောက်စောင့်ဆိုင်းခဲ့သည့် အကျဥ်းသားမိသားစုဝင်တစ်ဦးက ပြောသည်။





ပြန်လွတ်လာသည့် အမျိုးသား ၂၂ ဦးတွင် ပုဒ်မ ၅၀၅ က ဖြင့် ထောင်ဒဏ် ၂ နှစ်ချမှတ်ခံထားရသည့် အမျိုးသားတစ်ဦး ပါဝင်ကြောင်း ထားဝယ်နိုင်ငံရေးအကျဥ်းသားအသိုင်းအဝိုင်းထံမှ သိရသည်။
“အမျိုးသားနိုင်ကျဥ်းထဲမှာ ကို—- တစ်ယောက် ပြန်လွတ်လာပါတယ်။ သူလည်း လွတ်ရက်စေ့ဖို့ တစ်လပဲကျန်တော့တယ်။ အမျိုးသမီးနိုင်ကျဥ်းတွေတော့ မပါဘူး။ အစကတည်းက ကြားထားရတဲ့ သတင်းကလည်း ၂ နှစ်အောက်ကျန်သူတွေပဲ လွတ်မယ်လို့ပဲ ကြားပါတယ်” ဟု နိုင်ငံရေးအကျဥ်းသားများအရေးဆောင်ရွက်နေသည့် ထားဝယ်ဒေသခံ နိုင်ငံရေးအကျဥ်းသားဟောင်းတစ်ဦးက ပြောဆိုသည်။
စစ်ကောင်စီသည် မြန်မာနှစ်ဆန်းတစ်ရက်တွင် နိုင်ငံတစ်ဝန်းရှိ အကျဥ်းထောင်များမှ အကျဥ်းသား၊ အကျဉ်းသူ ၄၉၀၀ ခန့်ကို လွတ်ငြိမ်းခွင့်ပြုရာတွင် နိုင်ငံရေးအကျဥ်းသားပါဝင်မှု အလွန်နည်းသည့်အပြင် အချို့အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသားများ လုံးဝ မပါဝင်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ယက် (PPNM) က အသိပေးထုတ်ပြန်သည်။