ထားဝယ်ခရိုင်တွင် မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် ယခုနှစ်ကျရောက်သည့် အတာသင်္ကြန်၌ ရေကစားကြသူများ၊ ရေပက်ခံ ထွက်သူများဖြင့် စည်ကားခဲ့ပြီး အာဏာသိမ်းပြီးနောက် ပါဝင်ဆင်နွှဲသူ အများဆုံးဖြစ်ကြောင်း မြို့ခံများနှင့် ရေပက်ခံထွက် သူများက ပြောသည်။
၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း ကျင်းပသည့် သင်္ကြန်ပွဲများတွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်မှု၊ တော်လှန်ရေး အင်အားစုများ၏ မေတ္တာရပ်ခံမှု၊ ဒေသတွင်း မတည်ငြိမ်မှု၊ စစ်ကောင်စီ လုံခြုံရေးတင်းကျင်မှု စသည်တို့ကြောင့် ရေပက်ခံထွက်သူ၊ ရေကစားသူ နည်းခဲ့သည်။
ယခုနှစ်တွင်မူ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များတွင် စစ်ဆေးတင်းကျပ်မှု မရှိသလို မြို့ပေါ်တွင်လည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များ မတွေ့ရသည့်အပြင် သင်္ကြန်တွင် မပျော်ရသည့် နှစ်ကာလလည်း ကြာမြင့်လာသဖြင့် ယခုနှစ်တွင် သင်္ကြန်ရေပတ်ခံထွက်သူ၊ ရေကစားသူ များပြားခြင်းဖြစ်နိုင်ကြောင်း မြို့ခံများက ဆိုသည်။
ယခုနှစ် သင်္ကြန်ပွဲတွင် လောင်းလုံး၊ ရေဖြူ၊ သရက်ချောင်းမြို့နယ်များတွင် ရေကစားကြသူများပြီး ရေပက်ခံကား၊ ထော်လာဂျီ၊ သုံးဘီးယာဉ်များဖြင့်လည်း ရေပက်ခံထွက်ခဲ့ကြကြောင်း သင်္ကြန်လည်ပတ်ခဲ့သည့် လောင်းလုံးဒေသခံ အမျိုးသားတစ်ဦးက ပြောဆိုသည်။
“အခုနှစ် ထားဝယ်သင်္ကြန်စည်တယ်။ လမ်းတစ်လျှောက်မှာ ရေကစားသူတွေနဲ့ ရေပက်ခံသူတွေ အရမ်းများတယ်” ဟု ၎င်းက ပြောသည်။
အာဏသိမ်းပြီး ယခင်နှစ်များတွင်မူ စစ်ကောင်စီ၏ သင်္ကြန်မဏ္ဍပ်ရှိရာ နေရာများတွင်သာ ရေကစားကြသူနှင့် ရေပက်ခံသူ များရှိပြီး ယခုနှစ်တွင်မူ မြို့ အတွင်း၊ မြို့ပြင် လမ်းမကြီးများ၌လည်း ရေကစားနေကြသည်ကို အများအပြား တွေ့ရှိခဲ့ရ ကြောင်း ထားဝယ်မြို့ခံအမျိုးသမီးတစ်ဦးက ဆိုသည်။
“ဒီနှစ်က ဒီအတိုင်းအိမ်ရှေ့ ရေထွက်ကစားကြတဲ့သူတွေတောင် အရမ်းများတယ်။ လူကြီးတွေကတော့ ပြောပါတယ်။ သင်္ကြန်ကို ဆော့စေချင်တယ်တဲ့။ ကြာရင် ဓလေ့ကို မေ့သွားမှာ စိုးတယ်လို့ပြောတယ်။ ညီမတို့လည်းပျော်ပါတယ်၊ သင်္ကြန်က ကိုယ်အကြိုက်ဆုံးပွဲမို့လေ။ သင်္ကြန်မှာ ညီမတို့လည်းပျော်သလို တခြားသူတွေလည်း အဲဒီလိုပျော်မယ်လို့ ထင်ပါတယ်” ဟု ၎င်းက ပြောဆိုသည်။

မြို့အဝင် အထွက် စစ်ကောင်စီ စစ်ဆေးရေးဂိတ်များတွင် သင်္ကြန်ရက်များအတွင်း စစ်ဆေးခြင်းမရှိဘဲ သွားလာခွင့်ပြု ထားရာ ယင်းကြောင့်လည်း သင်္ကြန်လည်ပတ်သူပိုများ ခြင်းဖြစ်နိုင်ကြောင်း မြန်မာနှစ်ဆန်း တစ်ရက်နေ့ မောင်းမကန် ကမ်းခြေသို့ မိသားစုအလိုက် အပန်းဖြေရောက်ရှိနေသည့် လောင်းလုံးမြို့ အောက်ဘက်မှ ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။
“တက်လာတဲ့ လမ်းတစ်လျှောက်မှာ ဘာမှလည်း စစ်တာဆေးတာမျိုးမရှိဘူး။ တခြားလူငယ်တွေလည်း ဒီအတိုင်းသွားနေ ကြတာတွေ့ရတယ်။ ဒီနှစ်လည်ပတ်သူများတာက အဲဒါကြောင့်လည်း ဖြစ်လိမ့်မယ်။ နောက်ပြီး ကျွန်တော်တို့ဆိုရင်လည်း မွန်းကျပ်နေတာကြာပြီလေ။ မနှစ်ကလည်း ကိုယ်ဒေသမှာလောက်ပဲ လည်ကြပတ်ကြတာရှိတယ်။ ဒီနှစ်မှာတော့ အဲဒီအစ လေးလည်းရှိတာရယ် စစ်ဆေးတင်းကျပ်တာမျိုးမရှိတာတွေကြောင့် လည်ပတ်သူ ပိုများတယ်လို့ပဲ ထင်တယ်” ဟု ၎င်းက ပြောသည်။
ထားဝယ်မြို့အဝင်အထွက်ဂိတ်များဖြစ်သည့် အိမ်ရှေ့ပြင်၊ ပေါက်တိုင်းနှင့် ဗျောတောဝ ဂိတ်များတွင် သင်္ကြန်ရက်များ အတွင်း တင်းတင်းကျပ်ကျပ် စစ်ဆေးခြင်းမျိုး မရှိကြောင်း မြို့ခံများထံမှ သိရသည်။
သင်္ကြန်အကျနေ့ဖြစ်သည့် ဧပြီလ ၁၄ ရက်တွင် သင်္ကြန်လည်ပတ်သူ အများအပြား မရှိခဲ့သော်လည်း သင်္ကြန်အကြတ်နေ့နှင့် အတက်နေ့တို့တွင် မြိုတွင်းမြို့ပြင် ရေးကစားသူနှင့် ရေပက်ခံထွက်သူ များပြားခဲ့ကြောင်း မြို့ခံများထံမှသိရသည်။
ထားဝယ်မြို့အပြင် မြိတ်မြို့နှင့် ကော့သောင်း မြို့များတွင်လည်း ယခုနှစ် သင်္ကြန်အတွင်း ရေပက်ခံထွက်ကြသူ ရေကစားကြသူများ ယခင်နှစ်များထက် ပိုမိုများပြားကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီ၏ တိုင်အစိုးရအဖွဲ့ကမူ ငလျင်ကြောင့် ဌာနဆိုင်ရာ ဖျော်ဖြေရေးမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ်များကို ပြန်လည်ဖျက်သိမ်းခဲ့ပြီး ဗဟိုမဏ္ဍပ်တွင်မှု ယိမ်းအကပြိုင်ပွဲများ ဖျော်ဖြေရေး အစီစဉ်များမပါဘဲ ကျင်းပခဲ့သည်။