ဆူဒန်ပြည်တွင်းစစ်တွင် စစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်လျက်ရှိသည့် Rapid Support Forces (RSF) တပ်ဖွဲ့က ၎င်းတို့ ထိန်းချုပ်ထားသည့် နယ်မြေများတွင် စင်ပြိုင်အစိုးရတစ်ရပ် တည်ထောင်ကြောင်း ဧပြီလ ၁၄ရက်က ကြေညာလိုက်သည်။
ယင်းမှာ ဗိုလ်ချုပ် Abdel Fattah al-Burhan ဦးဆောင်သော ဆူဒန်စစ်အစိုးရကို တိုက်ရိုက်စိန်ခေါ်လိုက်ခြင်းပင် ဖြစ်သည်။
ဆူဒန်ပြည်တွင်းစစ်ဖြစ်ပွားပြီး ၂နှစ်အကြာ လူထောင်ပေါင်းများစွာ သေကြေပျက်စီးခဲ့ရပြီးနောက် အဆိုပါ စင်ပြိုင်အစိုးရ ပထမဆုံး ပေါ်ထွက်လာခြင်း ဖြစ်သည်။
Mohamed Hamdan Dagalo ဦးဆောင်သည့် RSF တပ်ဖွဲ့က ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေများတွင် ငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးအစိုးရ (Government of Peace and Unity) ကို တည်ထောင်လိုက်ပြီဖြစ်ကြောင်း ဆိုသည်။
RSF တပ်ဖွဲ့နှင့် ၎င်းတို့၏ မဟာမိတ်များသည် စင်ပြိုင်အာဏာပိုင်အဖွဲ့အစည်းတစ်ခု တည်ထောင်မည့် ပဋိညာဉ်ကို ဖေဖော်ဝါရီလက နိုင်ရိုဘီတွင် လက်မှတ်ရေးထိုးခဲ့ကြသည်။
အသွင်ကူးပြောင်းရေးကာလ အခြေခံဥပဒေကိုလည်း ရေးဆွဲအတည်ပြုထားပြီးဖြစ်သည်ဟု RSF တပ်ဖွဲ့၏ ခေါင်းဆောင်ဖြစ်သူ Dagalo က ဆိုသည်။

အဆိုပါ အခြေခံဥပဒေမှာ ဆူဒန်နိုင်ငံသစ်ထူထောင်ရန် လမ်းပြမြေပုံဖြစ်ကြောင်း Dagalo က ဆိုသည်။
ယင်းအခြေခံဥပဒေတွင် ဆူဒန်နိုင်ငံ၏ ဒေသကြီးအားလုံးကို ကိုယ်စားပြုသည့် အဖွဲ့ဝင် ၁၅ ဦးပါ အုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းရမည်ဟု ပါရှိသည်။
အချိန်ကြာမြင့်လာနေသည့် ပြည်တွင်းစစ်ကြောင့် ဆူဒန်နိုင်ငံ ပြိုကွဲသွားနိုင်ကြောင်း ကျွမ်းကျင်သူများက သတိပေးထားသည်။
ဆူဒန်အရပ်သားအစိုးရကို ဖြုတ်ချလိုက်သည့် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုတွင် ဆူဒန်စစ်တပ်နှင့် RSF တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြသည်။ နောက်ပိုင်းတွင် ဆူဒန်စစ်တပ်နှင့် RSF တပ်ဖွဲ့အကြား လနှင့်ချီ တင်းမာမှု မြင့်တက်လာခဲ့ပြီး ၂၀၂၃ ခုနှစ် ဧပြီလ ၁၅ ရက်တွင် ဆူဒန်ပြည်တွင်းစစ် စတင်ပေါ်ပေါက်လာခဲ့သည်။
ပြည်တွင်းစစ်ကြောင့် လက်ရှိအချိန်အထိ နိုင်ငံသား ၁၃ သန်းနီးပါး နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရပြီး လူထောင်ပေါင်းများစွာ သေကြေပျက်စီးခဲ့ရသည်။
လက်ရှိအချိန်တွင် RSF က ဆူဒန်အနောက်ပိုင်းတွင် နယ်မြေထိန်းချုပ်မှုအပြည့်အဝရရန် ကြိုးပမ်းလျက် ရှိသည်။ RSF နှင့် ၎င်း၏ မဟာမိတ်များသည် အရပ်သားများကို သတ်ဖြတ်မှုများကြောင့် နိုင်ငံတကာ၏ စောင့်ကြည့်ဝေဖန်မှုကို ပိုမိုခံလာရလျက်ရှိသည်။
ပြီးခဲ့သည့် သောကြာနေ့ (ဧပြီလ ၁၁) နှင့် စနေနေ့တွင် RSF တပ်ဖွဲ့က အနည်းဆုံးအရပ်သား ၃၀၀ ဦးကို သတ်ဖြတ်ခဲ့သည်ဟု ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။
ကုလသမဂ္ဂက ဆူဒန်ပြည်တွင်းစစ်ကို ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုအကျပ်အတည်းဟု သတ်မှတ်ထားသည်။
Source: Al Jazeera