တအာင်းတပ် TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့နယ်ကို မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း တအာင်းတပ်က ထုတ်ပြန်သည်။
မိုးကုတ်မြို့အရှေ့ပိုင်း ကဆုတ်ကျေးရွာကို ယနေ့ ဧပြီလ ၁၇ ရက် နံနက် ၁၀နာရီတွင် ဗုံးတစ်လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။ ဗုံးကြဲမှုကြောင့် ထိခိုက်မှု အခြေအနေများကို ဆက်လက်ဖော်ပြမည်ဟု တအာင်းတပ်က ဆိုသည်။
စစ်ကောင်စီတပ်သည် ဧပြီလ ၂ရက်မှ ၂၂ရက်အထိ ရက် ၂၀ ကြာ အပစ်အခတ်ရပ်စဲထားသော်လည်း တအာင်းတပ် ထိန်းချုပ်ထားသည့် မြို့နယ်များတွင် စစ်အင်အား ဖြည့်တင်းခြင်း၊ ထိုးစစ်ဆင်ခြင်းနှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နေရာများကို လေကြောင်းဖြင့် ဗုံးကြဲခြင်းများ လုပ်ဆောင်နေကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
စစ်ကောင်စီတပ်သည် သင်္ကြန်ကာလအတွင်း စစ်ကိုင်း၊ မန္တလေး၊ တနင်္သာရီ၊ ရခိုင်၊ ကရင် စသည့် တိုင်းနှင့် ပြည်နယ်များရှိ မြို့ နယ် ၁၀ ခုထက်မနည်းတွင် ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေပြီး အရပ်သားပြည်သူ ၁၀ ကျော်သေဆုံးကာ ထိခိုက်ဒဏ်ရာရသူများလည်း ရှိနေသည်။