မြန်မာနှစ်ဆန်းတစ်ရက်နေ့ ယနေ့ ဧပြီလ ၁၇ ရက်တွင် အကျဉ်းသား၊ အကျဉ်းသူ ၄၈၉၃ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။
နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်လျှင် ယခုကျခံရန် ကျန်ရှိသည့် ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံရမည်ဆိုသည့် ကန့်သတ်ချက်ဖြင့် လွတ်ငြိမ်းခွင့်ပြုခြင်းဖြစ်သည်။
စစ်ကောင်စီ၏ လွတ်ငြိမ်းခွင့်တွင် နိုင်ငံရေးအကျဉ်းသားပါဝင်မှု လွန်စွာနည်းပါးပြီး အကျဉ်းထောင်အချို့တွင် နိုင်ငံရေးအကျဉ်းသား လုံးဝ မပါဝင်သည်ကို ကနဦးတွေ့ရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုန်ပြန်ထားသည်။
စစ်ကောင်စီက အကျဉ်းသား၊ အကျဉ်းသူများကို ၎င်းတို့ ကျခံရန်ကျန်ရှိသည့် ပြစ်ဒဏ်၏ ခြောက်ပုံတစ်ပုံကို လျှော့ချသည့် အမိန့်တစ်ရက်လည်း ထုတ်ပြန်ထားသည်။

သို့သော် ပြစ်ဒဏ်လျှော့ပေးရာတွင် လူသတ်မှု၊ မုဒိမ်းမှု၊ ဖောက်ခွဲမှု၊ လက်နက်မှု၊ မတရားအသင်းအက်ဥပဒေအရအမှုများ၊ မူးယစ်ဆေးဝါးမှု၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးအမှု၊ အဂတိအမှု၊ ဘေးစီမံအမှုများမှ အပဟု ဆိုထားသည်။
ထို့ကြောင့် တော်လှန်ရေးလှုပ်ရှားမှု၊ နိုင်ငံရေးတက်ကြွလှုပ်ရှားမှုများဖြင့် နှစ်ရှည်ထောင်ဒဏ်ချခံထားရသူများ အကျုံးမဝင်ဟု ကောက်ချက်ချရသည်။
ယင်းအပြင် နိုင်ငံခြားသားအကျဉ်းသား၊ အကျဉ်းသူ ၁၃ဦးကိုလည်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုပြီး ပြည်နှင်ဒဏ်ပေးလိုက်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။