အားကစားလောကရဲ့ အထင်ကရစုံတွဲတစ်တွဲအဖြစ်သတ်မှတ်ခံထားရတဲ့ ဂျာမနီလက်ရွေးစင် ကွင်းလယ်လူဟောင်း ရှဝိန်းစတိုင်ဂါနှင့် ဆားဘီးယားတင်းနစ်မယ်ဟောင်း အိုင်ဗန်နိုဗစ်တို့သည် အိမ်ထောင်သက် ၉ နှစ်အကြာတွင် လမ်းခွဲပြတ်စဲရန် စီစဉ်ကြောင်း Goal က ဖော်ပြထားသည်။
ရှဝိန်းစတိုင်ဂါနှင့် အိုင်ဗန်နိုဗစ်တို့ ဇနီးမောင်နှံ၏ဆက်ဆံရေးသည် အေးစက်သောအခြေအနေတစ်ရပ်ဆီသို့ ရောက်သွားခဲ့ပြီဖြစ်ပြီး ၎င်းတို့နှစ်ဦး အတူမနေတော့သည်မှာလည်း ကာလတစ်ခုရှိလာခဲ့ပြီဖြစ်သည်။
ရှဝိန်းစတိုင်ဂါနှင့် အိုင်ဗန်နိုဗစ်တို့သည် လွန်ခဲ့သော ၉ နှစ်က အီတလီနိုင်ငံ၊ ဗင်းနစ်မြို့တွင် လက်ထပ်ခဲ့ကြခြင်းဖြစ်ပြီး အိမ်ထောင်သက် ၉ နှစ်တာကာလအတွင်း သား သုံးဦး ထွန်းကားထားသည်။
ရှဝိန်းစတိုင်ဂါနှင့် အိုင်ဗန်နိုဗစ်တို့သည် Post တစ်ခုကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ၌ နောက်ဆုံးအကြိမ်အဖြစ် အတူတကွ ပူးတွဲတင်ခဲ့ပြီး ယင်းနောက်ပိုင်းတွင် လူမှုကွန်ရက်စာမျက်နှာများထက်၌ ၎င်းတို့နှစ်ဦးကို အတူယှဉ်တွဲ၍ မတွေ့ရတော့သည်မှာ ယနေ့ထိတိုင်ပင်ဖြစ်သည်။
ရှဝိန်းစတိုင်ဂါနှင့် အိုင်ဗန်နိုဗစ်တို့ကို ဧပြီလအစောပိုင်း၌ ဗီဒီယိုတစ်ခုတွင် ယှဉ်တွဲမြင်တွေ့လိုက်ရသော်လည်း ယင်းဗီဒီယိုမှာ BRAX ဖက်ရှင်ကုမ္ပဏီကို ဈေးကွက်မြှင့်တင်ပေးရေး၊ ကုမ္ပဏီနှင့် စာချုပ်သစ်များ ကိုယ်စီကိုယ်ငှ ချုပ်ဆိုရေးအတွက် ရောက်ရှိလာသည့် ဗီဒီယိုသာဖြစ်ကြောင်း Daily Mail က ရေးသားထားသည်။
ရှဝိန်းစတိုင်ဂါက ကမ္ဘာအနှံ့သို့ လှည့်လည်ကာ ခရီးသွားရောက်နေချိန်တွင် အိုင်ဗန်နိုဗစ်က ရင်သွေးများကို စောင့်ရှောက်၍ ဆားဘီးယားတွင် ကျန်နေရစ်ခဲ့ရသည်။
၎င်းတို့နှစ်ဦး၏ဆက်ဆံရေးကို အေးစက်လာစေခဲ့ပြီး မိသားစုအတွက် ၎င်း၏ မိဘများနှင့် အစ်ကိုများကို ရှဝိန်းစတိုင်ဂါထက် ပိုမိုအားပြုလာရခြင်းက ရှဝိန်းစတိုင်ဂါအပေါ် အိုင်ဗန်နိုဗစ် စိတ်ကုန်သွားခဲ့ခြင်းဖြစ်သည်ဟု သတင်းများက ဆိုသည်။
လက်ရှိတွင် ရှဝိန်းစတိုင်ဂါနှင့် အိုင်ဗန်နိုဗစ်တို့သည် ကွာရှင်းသည့်အဆင့်သို့ မရောက်ရှိသည့်တိုင် ခွဲခွာနေထိုင်သည့်အဆင့်သို့ ရောက်သွားခဲ့ပြီဖြစ်ပြီး များမကြာမီတွင် လမ်းခွဲပြတ်စဲရန် ၎င်းတို့နှစ်ဦးက စီစဉ်ဖွယ်ရှိနိုင်ကြောင်း The Bild က ရေးသားထားသည်။
Source: Goal, Daily Mail & The Bild