ထားဝယ်မြို့ သင်္ကြန်အတက်နေ့ဖြစ်သည့် ဧပြီလ ၁၆ ရက်တွင် မြို့ထဲ၌ ရေပက်ကစားသူများလာသော်လည်း လူငယ်ပိုင်းများ မရှိသလောက်ပင်ဖြစ်သည်။
ရေပက်နေသည့်အုပ်စုများထဲတွင် ကလေးနှင့် လူကြီးများကိုသာ တွေ့ရသည်။ လူငယ်များကို မဖြစ်မနေ စစ်မှုထမ်းခိုင်းသဖြင့် လူငယ်အများ တိမ်းရှောင်သွားကြခြင်းကြောင့် ဖြစ်နိုင်သည်ဟု မြို့ခံအချိုက ဆိုသည်။
အခုနှစ် သင်္ကြန်တွင် ရေကစားသူများ များလာကြောင်း မြို့ခံတို့ထံမှ သိရသည်။
ထားဝယ်မြို့ခံတစ်ဦးက “ရေပက်နေကြတာကတော့ ပုံမှန်နီးနီးပဲ။ သူ့တို့ဘာသာသူတို့ အိမ်ရှေ့မှာ ထွက်ပက်နေကြတာ” ဟု ပြောသည်။




စစ်ကောင်စီသင်္ကြန်မဏ္ဍပ်သို့ သွားရောက်သူများရှိသော်လည်း အနည်းစုဖြစ်ကြောင်း ၎င်းကဆိုသည်။
ထားဝယ်မြိုထဲတွင် အမျိုးသားနှစ်ဦး ဆိုင်ကယ်မစီးရဟု တင်းကြပ်ထားသော်လည်း သင်္ကြန်တွင်းထဲတွင်မူ အမျိုးသားနှစ်ဦး ဆိုင်ကယ်အတူစီးနေကြသည့်အပြင် ဆိုင်ကယ်ဦးထုတ် မဆောင်သူများလည်းတွေ့ရသည်။
ပုံမှန် ညပိုင်း ၈ နာရီကျော် ၉ နာရီ လမ်းပေါ်တွင် လူမရှိသလောက်ဖြစ်သွားသော်လည်း သင်္ကြန်တွင်းမူ ည ၁၁ နာရီလောက်အထိ လမ်းပေါ်လူသွား၊ လူလာရှိနေဆဲဖြစ်ကြောင်း မြို့ခံတစ်ဦးကဆိုသည်။
ထားဝယ်ခရိုင်ရှိ လောင်းလုံး၊ ရေဖြူ၊ သရက်ချောင်းမြို့တို့တွင် စစ်ကောင်စီက သင်္ကြန်မဏ္ဍပ်ဆောက်လုပ်ခြင်း မရှိတော့ပေ။
ထားဝယ်ခရိုင်ရှိ မြို့နယ်အဆင့် မြို့များအပါအဝင် နယ်ကျေးရွာတို့တွင်မူ ရေပက်ကစားကြသူများ များလာသည်။
အချို့မြို့နယ်တို့တွင် ရေပက်ခံကားများဖြင့်ပင် သင်္ကြန်လည်ပတ်မှုများရှိသည်။
ထားဝယ်မြို့တွင် သင်္ကြန်အတက်နေ့က မြင်ကွင်းများကို ဖော်ပြလိုက်သည်။