BREAKING
November 15, 2024

သထုံ သိမ်ဆိပ်နယ်မြေရဲစခန်း တိုက်ခိုက်ခံရ

April 17, 2023

မွန်ပြည်နယ်၊ သထုံမြို့နယ် သိမ်ဆိပ်နယ်မြေရဲစခန်း ယနေ့ ဧပြီလ ၁၇ ရက်နေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်ခန့်က ပစ်ခတ်တိုက်ခိုက်ခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။

သိမ်ဆိပ်နယ်မြေရဲစခန်းကို သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ခွဲ ၃ နှင့် HRS ပူးပေါင်းအဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ရဲစခန်းတိုက်ခိုက်ခံရပြီးနောက် စခန်းအတွင်းရှိ စစ်ကောင်စီတပ်သားတို့နှင့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ငါးမိနစ်ခန့်ကြာ ဖြစ်ပွားခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

“ရဲစခန်း ဝင်ပစ်ခံရပြီးတော့ အပြန်အလှန် ပစ်ခတ်ကြသေးတယ်။ အထိအခိုက်တော့ မသိဘူး” ဟု သထုံဒေသခံတစ်ဦးက ပြောသည်။

ရဲစခန်းတိုက်ခိုက်မှုဖြစ်စဉ်အတွင်း စခန်းမှူး ပြင်းထန်ဒဏ်ရာရရှိပြီး စစ်ကောင်စီတပ်သား သုံးဦး သေဆုံးသွားခဲ့ကြောင်း သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

စခန်းမှူး ပြင်းထန်ဒဏ်ရာရရှိမှု၊ စစ်ကောင်စီတပ်သားသေဆုံးမှုတို့နှင့် ပတ်သက်ပြီး Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

သိမ်ဆိပ်နယ်မြေရဲစခန်းနှင့်အတူ ခမရ ၉ တပ်ရင်းကိုလည်း တစ်ပြိုင်နက်တည်း တိုက်ခိုက်ခဲ့ကြောင်း သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

သိမ်ဆိပ်နယ်မြေရဲစခန်းနှင့် ခမရ ၉ တပ်ရင်းတို့ကို ဒရုန်း၊ ၄၀ မမ၊ လက်နက်ငယ်များဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟုလည်း ထုတ်ပြန်ထားသည်။