BREAKING
March 18, 2025

စစ်ကောင်စီတပ် ကားလမ်းဖျက်ထားသဖြင့် တကူဒေသထွက် ရာသီပေါ်သီးနှံများ စျေးမရ

March 17, 2025

ဓာတ်ပုံ - Dawei Watch

စစ်ကောင်စီတပ်က ကားလမ်းကို ဖျက်ဆီးပြီး ဖြတ်သန်းခွင့်ပိတ်ပင်ထားသဖြင့် တနင်္သာရီမြို့နယ် တကူကျေးရွာအုပ်စုထွက် ရာသီပေါ်သီးနှံများ မြိတ်မြို့သို့ တင်ပို့ခွင်မရသဖြင့် စျေးကျသွားကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

တကူကျေးရွာအုပ်စုရှိ အိမ်ထောင်စု ၈၀၀ ခန့်မှာ ရာသီပေါ် သီးနှံများဖြစ်သည့် ခရမ်းသီး၊ အစိမ်းစားဥ၊ ပြောင်းဖူးနှင့် ငရုတ်သီး စသည့် ရာသီပေါ်သီးနှံများ စိုက်ပျိုးပြီး မြိတ်မြို့သို့ တင်ပို့ရောင်းချလေ့ရှိကြကြောင်း ၎င်းတို့က ဆိုသည်။

မြိတ်မြို့သို့ တင်ပို့ရာတွင် ဖြတ်သန်းရလေ့ရှိသည့် ဇဝဲရွာရှိ လမ်းပိုင်းကို စစ်ကောင်စီတပ်သားများက မြေတူးစက်များဖြင့် ပြီးခဲ့သည့် နှစ်လခန့်က ဖျက်ဆီးကာ ဖြတ်တောက်ထားကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါကားလမ်းမှာ လက်ရှိအချိန်အထိ ဖြတ်သန်းခွင့်မရသဖြင့် ဒေသထွက်ရာသီပေါ်သီးနှံများ မြိတ်မြို့သို့တင်ပို့ခွင့်မရဘဲ ဈေးကျကာ တောင်သူများ အခက်အခဲကြုံနေရကြောင်း ခရမ်းသီးစိုက်ပျိုးနေသည့် အသက် ၃၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ဆိုသည်။

“ကားလမ်းပိတ်ထားတော့ ဘာမှလုပ်လို့ မရဘူး။ စျေးက နည်းပေမယ့်လည်း မရောင်းဘဲထားရင် ပုပ်ကုန်မယ်။ ရတဲ့စျေးနဲ့ပဲ ရောင်းရတာပေါ့” ဟု ၎င်းက ပြောသည်။

ထိုကဲ့သို့ မြိတ်မြို့သို့ မတင်ပို့နိုင်သည့်အတွက် စိုက်ပျိုးထွက်ရှိလာသည့် ရာသီပေါ် သီးနှံများကို ဒေသတွင်းမှာပင် ရသည့် ဈေးဖြင့် ရောင်းချနေရကြောင်း တောင်သူများက ဆိုသည်။

“ဟင်းသီးဟင်းရွက်တွေက စျေးဆိုင်တွေမှာ ပေါများနေရော။ ဟင်းသီးဟင်းရွက်စိုက်သမားအချို့ဆိုရင် မယူတော့ဘူး၊ ဆိုင်မှာရှိနေပြီ ပြောလည်း ရတဲ့စျေးနဲ့ ရောင်းပေးထားပါ ကုန်သလောက်ပဲ ငွေပြန်ရှင်းပေးလို့ပြောပြီးထားခဲ့သူတွေလည်း ရှိတယ်” ဟု ကုန်စိမ်းဆိုင်ရောင်းချနေသည့် အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

ယမန်နှစ်က ခရမ်းသီးတစ်တွဲလျှင် ကျပ် ၃၀၀၀ ကျပ် ဈေးရှိသော်လည်း လက်ရှိအချိန်တွင် ၁၀၀၀ ကျပ်၊ အစိမ်းစားဥ တစ်ပိဿာလျှင် ကျပ် ၄၀၀၀ မှ ၂၅၀၀ ကျပ်၊ ငရုတ်သီးအစိမ်း တစ်ပုံးလျှင် ကျပ် ၃၀၀၀ မှ ၇၀၀ ကျပ်သို့ စျေးကျသွား ကြောင်း ဒေသခံများထံမှ သိရသည်။

အခြားဒေသမှ တင်သွင်းသည့် အခြေခံစားသောက်ကုန်များ၏ စျေးတက်လာပြီး ရာသီပေါ် ဟင်းသီးဟင်းရွက်ဈေးက ကျနေသဖြင့် ရာသီပေါ်သီးနှံ စိုက်ပျိုးသူများ အဆင်မပြေဖြစ်နေကြကြောင်း တောင်သူများက ပြောဆိုသည်။

၂၀၂၃ ခုနှစ်ကလည်း ဇဝဲရွာဝန်းကျင်ရှိ စစ်ကောင်စီတပ်ဂိတ်က တကူ၊ သရဘွင် တိုက်နယ်သို့ ဆန်ဆီရိက္ခာသယ်ယူခွင့်ကို ပိတ်ထားခဲ့သည်။