မြိတ်မြို့တွင် အသက် ၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးသွားပြီး လေးရက်အကြာ ယနေ့ မတ်လ ၁၇ရက်အထိ ပြန်မတွေ့သေးကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။
မြိတ်မြို့၊ မြိတ်တောင်အုပ်စု၊ တရုတ်တန်းရပ်၊ အေးမြဖြူစင်လမ်းတွင်နေထိုင်သည့် အသက် ၇ နှစ်အရွယ် မသီသီဝင်းသည် မတ်လ ၁၄ ရက်က ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း ရက်ကွက်နေသူအချို့ ပြောသည်။
ယင်းနေ့ နံနက်ပိုင်းက ရပ်ကွက်အတွင်း မသီသီဝင်းနှင့် အခြားကလေးငယ်များ ကစားနေချိန် ဘုန်းကြီးတစ်ပါးက လာရောက်ခေါ်ဆောင်သွားကြောင်း ရပ်ကွက်နေသူအချို့က ဆိုသည်။
မိန်းကလေးငယ်အား ခေါ်သွားသည်ကို သိရသည့်အချိန်တွင် မိဘဖြစ်သူက အဆိုပါဘုန်းကြီးထံ ချက်ချင်းဖုန်းဆက်ကာ ကလေးကိုပြန်ပို့ပေးရန် ပြောဆိုခဲ့သော်လည်း ပြန်လည်ပြောဆိုခြင်းမရှိဘဲ ဖုန်းစက်ပိတ်လိုက်ကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောဆိုသည်။
“ဘုန်းကြီးက စကားပြောကောင်းတယ်။ ကောင်မငယ် (ကလေးငယ်) မိဘတွေနဲ့လည်း အရင်က ခင်တယ်။ နောက်တော့ သူတို့ စကားများကြသေးတယ်လို့ကြားတယ်။ နှစ်လလောက်အကြာ အခုမှပြန်ပေါ်လာတာ”ဟု ၎င်းက ပြောသည်။
အဆိုပါဘုန်းကြီးသည် တရုတ်တန်းရပ်ရှိ ဘုန်းကြီးကျောင်းများတွင် မကြာခဏလာရောက်တည်းခိုလေ့ရှိပြီး ကလေးများနှင့် ရင်းနှီးကျွမ်းဝင်အောင် နေထိုင်လေ့ရှိကြောင်း မိသားစုနှင့် နီးစပ်သည့် အမျိုးသမီးတစ်ဦးက ပြောဆိုသည်။
“နောက်ဆုံးရ သတင်းကတော့ ပုလော-ပလောက်ဘက်မှာဆိုပြီး အဲဒီမှာရှိတဲ့ သံဃာတွေကလည်း ကူညီပြီးရှာဖွေ ပေးကြတယ်။ အခုထိတော့ တိတိကျကျ ဘာသတင်းမှမရသေးဘူး” ဟု ကူညီရှာဖွေပေးနေသည့် အမျိုးသားတစ်ဦးက ပြောသည်။
အဆိုပါဘုန်းကြီးသည် မိန်းကလေးငယ်ကို ခေါ်ကာ အငှားဆိုင်ကယ်ဖြင့် မြိတ်ကမ်းနားလမ်းကုန်တိုက်ရှေ့အထိ စီးနင်းခဲ့ပြီး ယင်းမှတစ်ဆင့် သုံးဘီးယာဉ်ဖြင့် ကျွဲကူး-ကျောက်ဖျားဘက်သို့သွားကာ လိုင်းကားဖြင့် ပုလော (၅) မိုင်ဘက်သို့ ဆက်လက် ထွက်သွားသည်ဟု သိရကြောင်း ကူညီရှာပေးနေသူအချို့ထံမှ သိရသည်။
မိန်းကလေးငယ်ကိုခေါ်သွားသည့် ဘုန်းကြီးသည် ပုလောဒေသတစ်ဝိုက်တွင် အလှူခံထွက်လေ့ရှိကြောင်း ဒေသခံအချို့ထံမှ သိရသည်။