မွန်ပြည်နယ်တွင် ယခု ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ အရေအတွက်သည် ယမန်နှစ်ကထက် သုံးထောင်ကျော်တိုးလာကြောင်း ပြည်နယ်ပညာရေးဌာန၏ အချက်အလက်များအရ သိရသည်။
ပြီးခဲ့သည့် ပညာသင်နှစ်က တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုရန် စာရင်းသွင်းထားသည့် ကျောင်းသား၊ ကျောင်းသူ ၆၀၀၀ ကျော်သာရှိခဲ့ပြီး ယခုနှစ်တွင် ၉၃၀၀ ကျော်ရှိကြောင်း အထက်ပါစာရင်းများအရ သိရသည်။
ယနေ့ မတ်လ ၁၇ရက်တွင် စတင်ကျင်းပသည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် မွန်ပြည်နယ်တစ်ခုလုံးတွင် စာစစ်ဌာန ၂၃ ခု ရှိကြောင်း ပြည်နယ်ပညာရေးဌာနထံမှ သိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲကာလ လုံခြုံရေးအထူးဆောင်ရွက်ကြရန် စစ်ကောင်စီ၏ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မတ်လ ၁၄ရက်တွင် ပြုလုပ်သည့် ပြည်နယ်အစိုးရအဖွဲ့အစည်းအဝေးတွင် ဌာနဆိုင်ရာများကို ညွှန်ကြားခဲ့သည်။
ယင်းအပြင် စာမေးပွဲဖြေဆိုသည့်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ သွားလာမှုအဆင်ပြေစေရေးနှင့် လျှပ်စစ်မီး မပြတ်အောင် ဆောင်ရွက်ကြရန်လည်း ပြောဆိုခဲ့သည်။
သို့သော် စာမေးပွဲကာလတွင် လျှပ်စစ်မီး မမှန်သည့်အတွက် ကျောင်းသား၊ ကျောင်းသူများ စာကျက်ရန် အခက်အခဲကြုံတွေ့ နေရကြောင်း ကျောင်းသားမိဘများက ဆိုသည်။
“ဘာမီးမှလည်း မလာပါဘူး။ စာမေးပွဲရှိလို့ မီးပေးတဲ့အချိန် ပိုလာတာမရှိပါဘူး။ ပုံမှန်ပျက်နေကျအတိုင်းပါပဲ။ ကလေးတွေ က ဖယောင်းတိုင်၊ အားသွင်းမီးနဲ့ပဲ ကြံဖန်ပြီး စာလုပ်နေရတယ်။ လုံခြုံရေးအခြေအနေကတော့ စာမေးပွဲဖြေနေတဲ့ ကျောင်းတွေ တစ်ဝိုက်မှာ စစ်သားတွေ၊ ရဲတွေနဲ့ လုံခြုံရေးချထားတာတွေ တွေ့ရတယ်” ဟု တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုနေသည့် ကျောင်းသားမိဘတစ်ဦးက ပြောသည်။
အာဏာမသိမ်းမီက ပုံမှန်ပညာသင်နှစ်များတွင် မွန်ပြည်နယ်အတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုသူအရေအတွက် ၃၀၀၀၀ ကျော်အထိ ရှိခဲ့သော်လည်း စစ်တပ်အာဏာသိမ်းပြီး ကျင်းပခဲ့သည့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေပွဲဖြေဆိုသူ ၁၁၀၀၀ ကျော်သာရှိခဲ့သည်။
ယင်းနောက် စစ်ကောင်စီလက်အောက် ပညာဆက်လက်သင်ကြားလိုမှု မရှိခြင်း၊ စစ်ရေးပဋိပက္ခကြောင့် ပညာ ဆက်မသင် နိုင်ခြင်းစသည်တို့ကြောင့် တက္ကသိုလ်ဝင်တန်းစာမေပွဲဖြေဆိုသူ နှစ်စဉ် လျော့နည်းလာပြီး ယခုပညာသင်နှစ်တွင်လည်း ဖြေဆိုသူ ထောင်ကဏန်းသာ ရှိတော့သည်။
ပြီးခဲ့သည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင်လည်း မွန်ပြည်နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေပွဲဖြေဆိုသူ ၅၇၀၀ ကျော်သာ ရှိခဲ့သည်။
ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၇ ရက်မှ ၂၂ ရက်အထိ ပိတ်ရက်မရှိ ဆက်တိုက်ကျင်းပမည်ဖြစ်ကြောင်း စစ်ကောင်စီ စာစစ်ဌာနက ထုတ်ပြန်ထားသည်။