ရေဖြူမြို့နယ်၊ ကံပေါက်တိုက်နယ်၊ ဖားချောင်းကျေးရွာအုပ်စုကို စစ်ကောင်စီတပ်က အင်အားရာဂဏန်းဖြင့် မတ်လ ၁၂ ရက်မှ မတ်လ ၁၆ ရက်အထိ ငါးရက်ကြာ ဝင်ရောက်စစ်ဆေးရှာဖွေခဲ့ကြောင်း ရွာသားများထံမှ သိရသည်။
မတ်လ ၁၂ရက်တွင် တောင်ရင်းအင်းရွာ၏ အရှေ့ဘက်နှင့် အနောက်ဘက်ရှိ တောလမ်းအတိုင်း စစ်ကောင်စီတပ်သားများ စတင်ရောက်ရှိလာပြီး ကျေးရွာအတွင်း နေရာခွဲ၍ နှစ်ရက်ကြာတပ်စွဲကာ ဒေသခံများကို အိမ်ထောင်စုစာရင်းနှင့် တိုက်ဆိုင် စစ်ဆေးခဲ့ကြောင်း တောင်ရင်းအင်းရွာသားများက ပြောသည် ။
“ရွာထဲကို စစ်သားတွေ ဝင်လာတာနဲ့ ချက်ချင်း ယောင်္ကျားသားတွေက ရှောင်ကြတယ်။ စစ်သားတွေက အကုန်ပြန်ခေါ်ခိုင်းပြီး အိမ်ထောင်စုနဲ့ တိုက်စစ်တာမျိုးတွေ လုပ်သွားတယ်။ ကျန်တာတော့ ဘာမှမလုပ်ဘူး။ သူတို့က စစ်ကြောင်းထိုးသလို ဝင်လာပြီး အိမ်တွေမှာ နေရာခွဲပြီး တပ်စွဲတယ်။ စစ်ဆေးတာပဲ လုပ်သွားတယ်” ဟု တောင်းရင်းအင်းရွာသားတစ်ဦးက ပြောဆိုသည်။
ယင်းသို့ စစ်ဆေးပြီးနောက် စစ်ကောင်စီတပ်သားများသည် ဖားချောင်းရွာဘက်သို့ ဆက်သွားပြီး အလားတူ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ဆိုသည် ။
ဝင်ရောက်စစ်ဆေးမှု ပြုလုပ်ခဲ့သည့် ငါးရက်တာအတွင်း သီးသန့် ခေါ်ယူစစ်ဆေးခံရသူအချို့လည်း ရှိပြီး မတ်လ ၁၆ ရက် စစ်ကောင်စီတပ်သားများ ပြန်ထွက်သွားချိန်တွင် ဖမ်းဆီးခေါ်ဆောင်ခံရသူ မရှိကြောင်း ရွာသားများထံမှ သိရသည်။
သို့သော် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၆ရက်က ကလိန်အောင် – ကံပေါက်လမ်းပိုင်းတွင် စစ်ဆေးဖမ်းဆီးခံရပြီး တောင်ရင်းအင်းရွာသား အသက် ၁၇နှစ်အရွယ် လူငယ်အမျိုးသားတစ်ဦးမှာမူ ယနေ့ မတ်လ ၁၇ ရက်အထိ ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးပေ။
စစ်ကောင်စီတပ်သားများသည် ဖားချောင်းကျေးရွာအုပ်စုအတွင်း ဝင်ရောက်စစ်ဆေးမှုပြုလုပ်ပြီးနောက် ကံပေါက် ကျေးရွာအုပ်စုနှင့် ဖားချောင်းကျေးရွာအုပ်စုကို ဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်လမ်းကို ပြန်လည်ပြုပြင် ပေးမည်ဟု ပြောဆိုခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလနှောင်းပိုင်းကဖြစ်ပွားခဲ့သည့် ကံပေါက်ရေကန်တောင်တိုက်ပွဲ ပြီးနောက် မောရဝတီရေတပ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အဆိုပါလမ်းအား မြေတူးစက်ဖြင့် တူး၍ ဒေသခံများ အသုံးပြုသွားလာ၍ မရအောင် ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။