ယူကရိန်းနိုင်ငံကို တစ်နှစ်ကျော်ကြာ ကျူးကျော်သိမ်းပိုက်ရန် ကြိုးစားနေသော ရုရှား သမ္မတ ပူတင်ကို နိုင်ငံတကာ စစ်ရာဇဝတ်ဆိုင်ရာ တရားရုံး (ICC) က ဖမ်း၀ရမ်း ထုတ်လိုက်သည်။
ယူကရိန်းတွင် စစ်ရာဇဝတ်မှု ကျူးလွန်ရာတွင် တာဝန်ရှိသည်ဟုဆိုကာ ထိုသို့ ဖမ်းဝရမ်းထုတ်ခဲ့ခြင်း ဖြစ်သည်။ ယူကရိန်းကို ကျူးကျော်သိမ်းပိုက်ရာတွင် ကလေးငယ်များကို တရားဥပဒေမဲ့ ရွှေ့ပြောင်း ပို့ဆောင်ခြင်း၊ လူအများအပြားကို ယူကရိန်းပိုက်နက် မှ ရုရှားသို့ ရွှေ့ပြောင်းဆောင်ခြင်း တို့ဖြင့် စွပ်စွဲကာ ထိုသို့ ဖမ်း၀ရမ်းထုတ်ခဲ့ခြင်း ဖြစ်သည်။
ထိုနည်းတူ ရုရှားနိုင်ငံ၏ ကလေးငယ်ဆိုင်ရာ ကော်မရှင်နာမင်းကြီးကိုလည်း ထိုအကြောင်းအချက်ဖြင့် ဖမ်း၀ရမ်းထုတ်လိုက်သည်။
ရုရှားသည် ယူကရိန်းကို ကျူးကျော် သိမ်းပိုက်ရာတွင် သတ်ဖြတ်မှု၊ ညှင်းပန်းနှိပ်စက်မှုများ စနစ်တကျ ကျူးလွန်ခြင်းတို့ ရှိခဲ့ပြီး လူသားမျိုးနွယ်အပေါ် ကျူးလွန်သော စစ်ရာဇဝတ်မှုအထိ ဖြစ်နိုင်ကြောင်း ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး အဖွဲ့တစ်ခုက ယမန်နေ့က ဆိုထားသည်။