BREAKING
September 21, 2024

ငါးနှင့် ကြက်သွန်ဈေးအနည်းငယ်တက်သည့် ထားဝယ်ဈေးကွက်

March 17, 2023

ထားဝယ်ဈေးကွက်တွင် ယခုသီတင်းပတ် ငါးနှင့် ကြက်သွန်နီ၊ ကြက်သွန်ဖြူ ဈေးအနည်းငယ်တက်နေသည်။

ပြီးခဲ့သည့် သီတင်းပတ် မတ်လ ၁၀ ရက်က ကြက်သွန်နီ (မြစ်သား) တစ်ပိဿာလျှင် ၂၁၀ဝကျပ်ဈေးရှိရာမှ ယခု မတ်လ ၁၇ ရက်တွင် ၂၃၀၀ ကျပ်ဖြစ်လာပြီး ၂၀၀ ကျပ် ဈေးတက်သွားသည်။

ကြက်သွန်ဖြူ အသန့်တစ်ပိဿာလျှင် ပြီးခဲ့သည့်သီတင်းပတ် မတ်လ ၁၀ ရက်က ၅၀၀၀ ကျပ်သာဈေးရှိရာမှ ယခု မတ်လ ၁၇ ရက်တွင် ၅၅၀ဝကျပ်ဖြစ်လာပြီး ၅၀ဝကျပ် ဈေးတက်သွားသည်။

ငါးနှင့် ပုစွန်ဈေးမှာ အမျိုးစားအလိုက်အပေါ်မူတည်၍ တစ်ပိဿာလျှင် ၅၀၀ ကျပ်မှ လေးထောင်ကျပ်အထိ ဈေးတက်လာသည်ကို တွေ့ရသည်။

အခြေခံလူတန်းစား အများဆုံး စားသုံးလေ့ရှိသည့် ပါတူးခေါ် အာဗြဲ ငါးအမျိုးစား တစ်ပိသာလျှင် ယခင်အပတ်က ၄၀၀၀ ကျပ်မှ ယခုအပတ် ၄၅၀ဝကျပ်သို့ ၅၀၀ ကျပ် ဈေးတက်သွားသည်။

ယင်းအပြင် ပါလန်းခေါ် ငါးလုံးငါးအမျိုးစားမှာ ယခင်အပတ်က တစ်ပိဿာ ၆၀၀၀ ကျပ်ဈေးရှိရာ ယခုအပတ် ၆၅၀၀ ကျပ်ဖြစ်လာပြီး ၅၀ဝကျပ် ဈေးတက်သွားသည်။

ထို့အတူပုစွန်ဈေးနှုန်းမှာလည်း မြင့်တက်လျှက်ရှိသည်။

ပြီးခဲ့သည့် မတ်လ ၁၀ ရက်က ထားဝယ်ဈေးကွက်တွင် ပုဇွန်ချောကြီး တစ်ပိဿာ လျှင် ၂၈၀၀ဝကျပ်ဈေးရှိပြီး ယခုမတ်လ ၁၇ ရက်တွင် တစ်ပိဿာ ၃၂၀၀ဝကျပ်ဖြစ်လာကာ ၄၀၀ဝကျပ် ဈေးတက်သွားသည်။

လွန်ခဲ့သည့် သုံးရက်ခန့်မှစ၍ ထားဝယ်ငါးအဝယ်ဒိုင်များသို့ ငါးဝင်ရောက်မှု နည်းလာသည့်အတွက်ကြောင့် ငါးဈေးအနည်းငယ်မြင့်တက်နေခြင်းဖြစ်သည်ဟု ငါးအရောင်းဝယ်ပြုလုပ်သူများက ပြောသည်။

ငါးပုစွန်နှင့် ကြက်သွန်ဈေး အနည်းငယ်တက်နေသော်လည်း ထားဝယ်ဈေးကွက် ဆန်ဈေးနှင့် ဆီဈေးမှာ မတ်လ ၃ ရက်ကစပြီး မတ်လ ၁၇ရက်အထိ သုံးပတ်ဆက်တိုက် ဈေးနှုန်းတည်ငြိမ်နေသည်ကို တွေ့ရသည်။