မြိတ်မြို့နယ် ပပြင်ကျေးရွာအုပ်စု ကြက်မအုပ်ရွာဟောင်းအနီးတွင် ယနေ့ (မတ် ၁၇) ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့ နံက် ၇ နာရီခွဲခန့်တွင် ကြက်မအုပ်ရွာအနီး စစ်ကောင်စီတပ်နှင့် PDF တို့ နှစ်ဖက်အပြန်အလှန် ပစ်ခတ်သည့် သေနတ်သံများကြားရပြီး ပေါက်ကွဲသံများလည်း ကြားရကြောင်း ပပြင်ကျေးရွာ ဒေသခံ တစ်ဦးက ပြောသည်။
“သေနတ်သံက ၁၀ မိနစ်လောက်ပဲ ကြားရတယ်။ စစ်ကောင်စီဖက်က အထိအခိုက်ရှိတယ်လို့ကြားရတယ်။ ဘယ်လောက်ထိတယ်ဆိုတာတော့ မသိရသေးဘူး” ဟု အဆိုပါ ဒေသခံက ဆိုသည်။
မြိတ်ဘက်က ခြေလျင်တက်လာသည့် စစ်ကောင်စီတပ်သားများနှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ နှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခြင်းဖြစ်ပွားသည်ဟု လတ်တလော ကြားသိရကြောင်း အဆိုပါဒေသခံက ပြောဆို သည်။
အဆိုပါကျေးရွာအုပ်စုအနီးတွင် မတ်လ ၁၁ ရက်နေ့ကလည်း စစ်ကောင်စီတပ် ကားမိုင်းဆွဲခံရပြီး စစ်ကောင်စီတပ်သားအချို့ သေဆုံးထိခိုက်မှုရှိခဲ့ကြောင်း ပပြင်ကျေးရွာဒေသခံအချို့ထံမှ သိရသည်။