အလုပ်လုပ်ခွင့် ဗီဇာသက်တမ်းကုန်နေသော မြန်မာအလုပ်သမားများကို ထိုင်းအစိုးရက နေထိုင်ခွင့်သက်တမ်း ခြောက်လ တိုးမြှင့်ပေးသော်လည်း ခရိုင်ကျော် ခရီးသွားလာခွင့်ကိုမူ ကန့်သတ်ထားကြောင်း မြန်မာအလုပ်သမားများထံမှ သိရသည်။
၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်တို့တွင် ပန်းရောင်ဘတ်ပြုလုပ်ထားသူများ၊ အလုပ်လုပ်ခွင့်လက်မှတ် သက်တမ်းတိုးထားသော မြန်မာအလုပ်သမား စုစုပေါင်း နှစ်သန်းကျော်သည် ယခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်တွင် အလုပ်လုပ်ခွင့် (Work Permit) ဗီဇာသက်တမ်း ကုန်ဆုံးသွားပြီဖြစ်သည်။
အလုပ်လုပ်ခွင့် ဗီဇာသက်တမ်းကုန်ဆုံးသွားသည်နှင့်အတူ နိုင်ငံကူးလက်မှတ် သို့မဟုတ် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI စာအုပ်) တွင် ထည့်သွင်းထားသော နေထိုင်ခွင့် ဗီဇာပါ တစ်ပါတည်း ကုန်ဆုံးသွားခြင်းဖြစ်သည်။
အလုပ်လုပ်ခွင့် ဗီဇာသက်တမ်းကုန်ဆုံးနေသော ရွှေ့ပြောင်းအလုပ်သမားများကို MoU စနစ်ဖြင့် သက်တမ်းတိုးပေးမည်ဟု ထိုင်းအစိုးရက ပြီးခဲ့သောနှစ် စက်တင်ဘာလကတည်းက ကြေညာခဲ့သည်။
မြန်မာအပါအဝင် ရွှေ့ပြောင်းအလုပ်သမားများကလည်း ထိုင်းအစိုးရဘက်က သတ်မှတ်ထားသော အချိန်အတွင်း အလုပ် လုပ်ခွင့်ဗီဇာသက်တမ်းတိုးရန် ထိုင်းအလုပ်သမားဝန်ကြီးဌာနထံ အချိန်မီ အမည်စာရင်း လျှောက်ထားကြသော်လည်း သက်တမ်းကုန်သည့်အချိန်ထိ အမည်စာရင်းများ ရရှိလာခြင်း မရှိကြကြောင်း အလုပ်သမားများက ပြောသည်။
work permit အချိန်မီ သက်တမ်းတိုးခွင့် မရကြသော မြန်မာအလုပ်သမားများသည် လက်ရှိအချိန်တွင် ဗီဇာကုန်ဆုံးနေပြီး ခရီးသွားလာခွင့်မရဘဲ ကန့်သတ်ခံနေရကြောင်း မဲဆောက်မြို့တွင်နေထိုင်သည့် မြန်မာအလုပ်သမားတစ်ဦးက ဆိုသည်။
“စစ်တပ်ဂိတ်ကနေ ပေးမထွက်ဘူး။ လက်ရှိအချိန်မှာ နင်တို့ကို (အလုပ်သမားတွေကို) ခရီးသွားခွင့် ပိတ်ထားတယ်တဲ့။ ဒါ့ကြောင့် ခရီးသွားမလို့ကို လှည့်ပြန်လာလိုက်ရတယ်။ စီစဉ်ထားတာတွေ အကုန်ပျက်စီးကုန်တာပေါ့” ဟု ခရီးသွားခွင့် ပိတ်ပင်မှုကို ကိုယ်တိုင်ကြုံတွေ့ရသော ၎င်းက ပြောဆိုသည်။
ဗီဇာသက်တမ်း ကုန်ဆုံးနေသော မြန်မာအလုပ်သမားများအတွက် ခရီးသွားခွင့် ကန့်သတ်ခံရုံသာမက နယ်မြေအတွင်း ရဲတပ်ဖွဲ့၏ ငွေညှစ်တောင်းခံခြင်းများပါ ကြုံရနိုင်ကြောင်း ၎င်းက ဆိုသည်။
ဗီဇာသက်တမ်းတိုးရန်အတွက် စာရင်းသွင်းသူများကို စာရင်းသွင်းသည့် အမည်စာရင်း (Name List) စာရွက် သာ ထုတ်ပေး ထားသေးပြီး နောက်ထပ်အဆင့်များဖြစ်သော work permit လျှောက်ထားခွင့်နှင့် နေထိုင်ခွင့် ဗီဇာရယူခွင့်များကို ထိုင်းအစိုးရက ခွင့်ပြုထားခြင်း မရှိသေးပေ။
မြန်မာအလုပ်သမား သိန်းနှင့်ချီရှိသည့် မဟာချိုင်ဒေသက စက်ရုံအချို့ကလည်း အလုပ်သမားများ သက်တမ်းကုန်ဆုံးနေချိန် နယ်မြေပြင်ပသို့ မထွက်ခွာကြရန် သတိပေးထားကြောင်း မဟာချိုင်က မြန်မာအလုပ်သမားများထံမှ သိရသည်။
အကယ်၍ နယ်မြေပြင်ပထွက်သောအချိန် စစ်ဆေးဖမ်းဆီးခံရပါက စက်ရုံ၊ ကုမ္ပဏီများအနေဖြင့် တာဝန်ယူမည်မဟုတ်ဟု သတိပေးထားသဖြင့် မဟာချိုင်က အလုပ်သမားများက နယ်မြေကျော်ခရီးသွားခွင့် မရဘဲ ဖြစ်နေကြောင်း အလုပ်သမားတစ်ဦးက ပြောသည်။
“Name List ပဲ လက်ထဲရှိနေသေးတဲ့အချိန် ခရီးသွားဖို့မပြောနဲ့ အပြင်တောင်သိပ်မသွားရဲဘူး။ လမ်းတွေမှာလည်း ပုလိပ် (ထိုင်းရဲ) တွေက ဝဲနေတာ။ ဒီအချိန် သူတို့လုပ်စားလို့ ကောင်းတဲ့အချိန်ဖြစ်နေတော့ သတိထားနေနေရတယ်” ဟု ၎င်းက ဆိုသည်။
လက်ရှိအချိန်တွင် အလုပ်လုပ်ခွင့်ဗီဇာ သက်တမ်းကုန် မြန်မာအလုပ်သမားများအနေဖြင့် အသွားအလာ ဆင်ခြင်ကြရန်နှင့် မိမိ work permit အချိန်မီ သက်တမ်းတိုးနိုင်ရေး သက်ဆိုင်ရာ အကျိုးဆောင်များနှင့် ဆွေးနွေးတိုင်ပင်ကြရန် အလုပ်သမားအဖွဲ့အစည်းများက သတိပေးထားသည်။