အာဖဂန်နစ္စတန်နိုင်ငံကို သိမ်းယူထိန်းချုပ်ထားသည့် တာလီဘန်ကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့ သည် ဂျပန်နိုင်ငံသို့ သံတမန်ရေး ခရီးစဉ်အဖြစ် ပထမဆုံးအကြိမ် ရောက်ရှိလာကြောင်း ဂျပန်သတင်းဌာနများက ဖော်ပြသည်။
ဖေဖော်ဝါရီလ ၁၆ ရက်က လာရောက်ခြင်းဖြစ်ပြီး ရက်သတ္တပတ်တစ်ပတ် ကြာမြင့်မည်ဖြစ်သည်။
ယင်းကိုယ်စားလှယ်အဖွဲ့တွင် တာလီဘန်၏ နိုင်ငံခြားရေး၊ ပညာရေး၊ စီးပွားရေးနှင့် ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများ ပါဝင်ကြောင်း ဂျပန်သတင်းဌာန အဆာဟိရှင်ဘွန်းက ဖော်ပြသည်။
တာလီဘန်ကိုယ်စားလှယ်များသည် ဂျပန်အစိုးရထံမှ လူသားချင်းစာနာမှုအကူအညီများ တောင်းခံပြီး ဂျပန်နိုင်ငံနှင့် သံတမန်ဆက်ဆံရေးထူထောင်ရန် ဆွေးနွေးသွားဖွယ်ရှိကြောင်း ခန့်မှန်းထားကြသည်။
ယင်းခရီးစဉ်မှာ ‘နိုင်ငံတကာ အသိုက်အဝန်း၏ တက်ကြွသော အဖွဲ့ဝင်နိုင်ငံဖြစ်ရေး’ တာလီဘန်အဖွဲ့ ကြိုးပမ်းနေခြင်း၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း တာလီဘန်၏ စီးပွားရေး ဒုဝန်ကြီး လာတစ်နာဇရီက ပြောသည်။
အမေရိကန် ကျောထောက်နောက်ခံပြုထားသည့် အာဖဂန်နစ္စတန်အစိုးရကို ၂၀၂၁ ခုနှစ်တွင် ဖြုတ်ချပြီး အာဏာပြန်ရလာသည့် တာလီဘန်အဖွဲ့သည် တရုတ်၊ ရုရှားနှင့် အခြားအိမ်နီးချင်းနိုင်ငံများသို့သာ ပုံမှန်သွားရောက် လည်ပတ်လေ့ရှိခဲ့သည်။ ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်တွင်မူ တာလီဘန်ကိုယ်စားလှယ်များက နော်ဝေနိုင်ငံသို့ တရားဝင်သွားရောက်လည်ပတ်ခဲ့ဖူးသည်။
အာဖဂန်နစ္စတန်အစိုးရကို တာလီဘန်များက ဖြုတ်ချလိုက်ပြီးနောက် ကဘူးလ်မြို့ရှိ ဂျပန်သံရုံးသည် ကာတာနိုင်ငံသို့ ယာယီရွှေ့ပြောင်းသွားခဲ့သည်။
SOURCE: AL JAZEERA AND NEWS AGENCIES