BREAKING
February 21, 2025

တိုက်ပွဲကြောင့် ပုလောမြို့အနီး ရှပ်ပုံရွာက ပြည်သူထောင်ချီ စစ်ရှောင်နေရ

February 17, 2025

ပုံစာ - ရှပ်ပုံအုပ်စု ရေချိုရွာမှ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ဗုံးကြဲတိုက်ခိုက်မှုကြောင့်ပျက်စီးသွားသည့် ဘုန်းကြီးကျောင်း။

ပုလောမြို့အနီး ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် ရှပ်ပုံကျေးရွာအုပ်စုနေပြည်သူများ စစ်ဘေးရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။

ရှပ်ပုံရွာအနီးဝန်းကျင်တွင် ဖေဖော်ဝါရီလ ၁၃ရက်နှင့် ၁၄ရက်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က ကြည်း၊ ရေ၊ လေ အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း ၎င်းတို့က ပြောသည်။

ဖေဖော်ဝါရီလ ၁၃ရက်တွင် ရှပ်ပုံကျေးရွာအုပ်စုသို့ အင်အား ၅၀ ခန့်ပါသည့် စစ်ကောင်စီတပ် စစ်ကြောင်း ရောက်ရှိလာရာက တော်လှန်ရေးအင်အားစုများနှင့် ဖေဖော်ဝါရီလ ၁၃ရက်၊ ၁၄ရက်တို့တွင် နှစ်ရက်ဆက် တိုက်ပွဲ ဖြစ်ပွားခြင်း ဖြစ်သည်။

ထို့ကြောင့် ရှပ်ပုံကျေးရွာအုပ်စုနေဒေသခံများမှာ နီးစပ်ရာဥယျာဉ်ခြံများအပါအဝင် ဘေးလွတ်ရာနေရာများကို ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ရှပ်ပုံရွာနေဒေသခံတစ်ဦးက ဆိုသည်။

ရှပ်ပုံကျေးရွာအုပ်စုတွင် မီးလောင်အော်၊ ဝါးတန်းရပ်ကွက်၊ အထဲစု၊ သမုတ်တောင်ရွာ၊ ဖိုးရှမ်းကမ်းခြေရွာများရှိပြီး ၂၀၁၄ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ကိုးထောင်နီးပါးရှိသည်။

“ပစ်ခတ်မှုတွေ စဖြစ်တော့ ကျွန်တော်တို့ ဘေးလွတ်ရာကို ထွက်ပြေးရတာပေါ့။ စစ်ကောင်စီဘက်ကလည်း ပင်လယ်ဘက် ကနေရော၊ တပ်ရင်းတွေကနေပါ လက်နက်ကြီးနဲ့ ပစ်တယ်လေ” ဟု ၎င်းက ပြောသည်။

ရှပ်ပုံကျေးရွာအုပ်စုတစ်ခုလုံး စစ်ဘေးရှောင်နေရခြင်းဖြစ်ပြီး လက်ရှိအခြေအနေအထိ ကျေးရွာသို့ မပြန်နိုင်သေးကြောင်း စစ်ဘေးရှောင်နေရသည့် ရှပ်ပုံရွာနေ ဒေသခံအခြားတစ်ဦးက ဆိုသည်။

ဖေဖော်ဝါရီလ ၁၄ရက်က စစ်ကောင်စီတပ် ပြန်ဆုတ်ချိန်တွင် ဆီတောင်ဘုန်းကြီးကျောင်းအနောက်ဘက်ရှိ နေအိမ်အချို့နှင့် ရော်ဘာခြံများကို မီးရှို့သွားသေးကြောင်း ရှပ်ပုံရွာ ဒေသခံများနှင့် မြေပြင်ရှိ တော်လှန်ရေးရဲဘော်များက ပြောဆိုသည်။

နေအိမ်နှင့် ဥယျာဉ်ခြံများ ထိခိုက်ပျက်စီးမှုအခြေအနေ အသေးစိတ်ကို ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။

စစ်ကောင်စီတပ်သားများ ပြန်လည်ဆုတ်ခွာပြီးနောက် တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း အချိန်မရွေး တိုက်ပွဲဖြစ်ပွား နိုင်သည့် အခြေအနေဆဲဖြစ်ကြောင်း မြိတ်ခရိုင်၊ အမှတ် (၁) တပ်ရင်း ပြန်ကြားရေးတာဝန်ခံက ပြောသည်။

တိုက်ပွဲအတွင်း အရပ်သားတစ်ဦးသေဆုံးကာ တစ်ဦးသေဆုံးသည်ဟု ကနဦးသတင်းရထားပြီး နောက်ထပ် အရပ်သား ထိခိုက်မှု ရှိမရှိ အခြေအနေများကို Dawei Watch က ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။