BREAKING
February 23, 2025

ဘီးလင်းတွင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ငါးဦးဒဏ်ရာရ

February 17, 2025

ပုံစာ - ဖေဖော်ဝါရီလ ၁၅ ရက်က လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ပျက်စီးသွားသော နေအိမ်အတွင်းမှမြင်ကွင်း။

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကော်ဟဲကျေးရွာနှင့် ကျေးရွာအနီးဝန်းကျင်တို့ကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားငါးဦးဒဏ်ရာရကြောင်း ဒေသခံများက ပြောသည်။

ဖေဖော်ဝါရီလ ၁၅ရက် ည ၁၁နာရီခွဲခန့်က တိုက်ခိုက်ခြင်းဖြစ်ပြီး ကောင်ဟဲကျေးရွာထဲ ဗုံးနှစ်လုံးကျရောက်ပေါက်ကွဲခဲ့ကာ ဒေသခံပြည်သူငါးဦး ဗုံးစထိမှန်ဒဏ်ရာရသည့်အပြင် နေအိမ်ကိုးလုံးနှင့် ပြည်သူပိုင်ပစ္စည်းအချို့လည်း ထိခိုက်ပျက်စီးကြောင်း ၎င်းတို့က ပြောဆိုသည်။

ထိခိုက်ဒဏ်ရာရသူများအနက် ဒဏ်ရာပြင်းထန်သူနှစ်ဦးကိုမူ ဆေးရုံသို့ပို့ဆောင်ထားရကြောင်း ဒေသခံများက ဆိုသည်။

သထုံခရိုင်အတွင်းရှိ ကျိုက်ထိုနှင့် ဘီးလင်းမြို့နယ်တို့တွင် စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ၁၃ရက်ကလည်း လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။ ထို့ကြောင့် လေကြောင်းတိုက်ခိုက်မှုကြောင့် သုံးရက်အတွင်း အရပ်သားပြည်သူ သုံးဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။

ဖေဖော်ဝါရီလ ၁၃ရက်က ပေါင် ၅၀၀ဗုံးဖြင့် နှစ်ကြိမ်လာရောက်ကြဲချတိုက်ခိုက်သဖြင့် ဘီးလင်းမြို့နယ်၊ တဂေးလောင်း ချောင်းဖျား ကျေးရွာရှိ ခရစ်ယာန်ဘုရားကျောင်းဆောင်နှင့် လူနေအိမ် ၁၇ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း ကရင်အမျိုးသား အစည်းအရုံး KNU က ထုတ်ပြန်ထားသည်။

အလားတူ ကျိုက်ထိုမြို့နယ် ပိန္နဲကုန်းကျေးရွာ၊ ကော်ကပ်ကျေးရွာနှင့် အနီးနားဝန်းကျင်ကို ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ပိန္နဲကုန်းကျေးရွာနေ ပြည်သူ သုံးဦးသေဆုံးကာ၊ ၁၀ ဦး ထက်မနည်း ထိမှန်ဒဏ်ရာရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ပိန္နဲကုန်းကျေးရွာဘုန်းကြီးကျောင်းနှင့် ကော်ကပ်ကျေးရွာ စာသင်ကျောင်းအဆောက်အအုံလည်း ထိခိုက်ပျက်စီးကြောင်း ဆိုသည်။

“တော်လှန်ရေးတပ်ဖွဲ့တွေ ရှိတယ်လို့ သူတို့ထင်တဲ့နေရာတွေကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာ၊ ဒရုန်းနဲ့ ဗုံးချတာတွေကို နေ့တိုင်းလိုလို လုပ်ဆောင်နေတယ်။ သူတို့ ပစ်မှတ်ထားတိုက်ခိုက်တဲ့နေရာတွေက ရွာတွေနဲ့ အနီးအနားတွေပဲဆိုတော့ ရွာထဲကျရင် လူထိတယ်။ အိမ်တွေ ထိတယ်” ဟု ဘီးလင်းဒေသခံတစ်ဦးက ပြောသည်။

သထုံခရိုင်အတွင်းကို ပြီးခဲ့သည့် နှစ်ကုန်ပိုင်းကတည်းက လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေကြောင်း ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများထံမှ သိရသည်။