ကျောင်းပိတ်ခါနီး ကျင်းပလေ့ရှိတဲ့ ကျောင်းဆင်းပွဲနေ့ဆိုလျှင် ကျောင်းသူ ကျောင်းသားတို့လက်ထဲ ဗလာစာအုပ် လှလှလေး တစ်အုပ်စီ တွေ့ရတတ်ပါသည်။
ကျောင်းသူကျောင်းသားအချင်း ချင်း ခွဲခွာခြင်း အမှတ်တရအော်တို အပြန်အလှန် ရေးပေးကြရန် ဖြစ်ပါသည်။
အထူးသဖြင့် အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသားကျောင်းသူတို့ အပြန်အလှန် အော်တိုရေးတတ်ကြပါသည်။
သရက်ချောင်းမြို့နယ်၊ ဆင်ဖြူပြင် ရပ်ကွက်၊ သမိုင်းမေဂျာ ဒုတိယနှစ်ကျောင်းသူ မကြည်လဲ့ဖြိုးကလည်း သူမ ၈ တန်း ၉ တန်းတုန်းက ကျောင်းဆင်းပွဲအပြီးမှာ အမှတ်တရ အော်တို အပြန်အလှန် ရေးဖူးကြောင်း ပြောပါသည်။
ကျောင်းတွင် သူငယ်ချင်းများနှင့် မည်သို့မည်မျှ ပျော်ခဲ့ရကြောင်း၊ ပြန်ဆုံကြရမည်ဟု မျှော်လင့်ကြောင်းတို့ ရေးကြသည်ဟု မကြည်လဲ့ဖြိုးက ပြောသည်။
“စာအုပ်ဝယ်ပြီးရင် အော်တိုစာအုပ် ဆိုပြီးခေါင်းစဉ်တပ်လိုက်တယ်။ ခွဲရမယ်ဆိုတော့ နောက်နှစ်တွေမှာ ပြန်ဆုံမယ် အဲ့လိုမျိုးပေါ့ အော်တိုရေးကြတယ်”ဟု သူမက ပြောသည်။
ထိုသို့ အော်တိုရေးလျှင် အတတ်နိုင်ဆုံး လက်ရေးလှလှ သတိထားရေးပေး တတ်ကြကြောင်း မူလတန်းကနေ အထက်တန်းအထိ အော်တိုရေးဖူးသည် ဆိုသော မြိတ်မြို့၊ ဇေယျာသီရိရပ်နေ အသက် ၃၆ နှစ်အရွယ် မကေသီနွယ်က ပြောသည်။
“အမြဲတမ်းသတိရနေမယ့်အကြောင်း ပြန်လည်ဆုံစည်းကြမယ့်အကြောင်းတွေပေါ့။ ယောက်ျားလေးတွေဆိုလည်း ကဗျာလိုလို သီချင်းစာသားလိုလိုနဲ့ ဟိုမရောက်ဒီမရောက်စာတွေ လာရေးကြတယ်”ဟု မကေသီနွယ်က ပြောသည်။
ထိုသို့ အော်တိုရေးသူတို့ထဲ ကိုယ့်လက်ရေး ကိုယ်အားမရသူတို့ ရေးလေ့ ရှိသည့် စာတစ်ကြောင်း ရှိပါသည်။
“လက်ရေးမလှ ဒို့ဘ၀၊ လက်ရေး သည်းခံ ဒို့တောင်းပန်”
တချို့က အတန်းဖော်သူငယ်ချင်း အချင်းချင်းသာမက အခြားအခန်း၊ အခြားတန်းများမှ ခင်မင်သောသူငယ်ချင်း၊ မိမိ ကြိတ်ကြွေနေသော ခိုးကြည့်ရ သူလေးတို့ကိုလည်း ချဉ်းကပ်ကာ အော်တိုရေးခိုင်းတတ်ကြသည်။
ကျောင်းများတွင်သာ မဟုတ်ပါ။
ဆယ်တန်းအပြင်ဖြေ၊ ဘော်ဒါ စသည့် ကျောင်းပြင်ပ ကျောင်းစာသင်သည့်နေရာတို့တွင်လည်း အော်တိုရေးလေ့ရှိပါသည်။
“ကောလိပ်မှာ ထပ်တွေ့မယ်”၊ “တက္ကသိုလ်မှာ ပြန်ဆုံမယ်”၊ “တို့တတွေ ဘယ်တော့မှ မမုန်းမမေ့ကြးနော်” စသဖြင့် ပြန်ဆုံကြမည့် အရိပ်ပြ စကားလုံးများသာ ရွေးရေးတတ်ကြသည်။
ဆယ်တန်းကျောင်းသားဟောင်း ကြီးများက ဆယ်တန်းနှစ်သစ် ညီမလေးများကို…
“ညီမလေးရေ…
ဒေါက်မြင့်ဖိနပ်တစ်ရံ
နီရဲရဲ နှုတ်ခမ်းဆိုးဆေးတစ်တောင့်
သစ်လွင်တဲ့ လွယ်အိတ်လှလှလေးနဲ့
အဓိပတိလမ်းပေါ်မှာ
တက်ကြွနေလိုက်တဲ့ ကောင်မလေးကို
ငါမြင်ယောင်နေတယ်…။
သစ်ပုတ်ပင်နဲ့ ဂျပ်ဆင်အို
မာလာဆောင်နဲ့ ကံ့ကော်လမ်း
အင်းလျားကန်နဲ့ ခုံပြာတန်း
ဒါတွေဟာ အိပ်မက်မဟုတ်ဘူးနော် တကယ်ရှိတယ်
ဒို့တတွေ အရောက်သွားမယ်နော်…”
ဟူသည့် စာကြိုးစားချင်စိတ်၊ စိတ်ဓာတ်ခွန်အား ဖြစ်စေသည့် အရေးအသားမျိုးလည်း ရေးပေးတတ်ကြသည်။
တစ်သက်နှင့်တစ်ကိုယ် ဆယ်တန်းတွင်တစ်ကြိမ်သာ အော်တိုအပြန်အလှန် ရေးဖူးသည်ဆိုသော လောင်းလုံးမြို့နယ် အင်းဇောက်ကျေးရွာမှ အသက် ၃၂ နှစ် ကိုယုထွေးကတော့ သူများရေးသည်ကို ပြန်ခိုးချကာ အဆင်ပြေသလို ရေးပေးခဲ့သည်ဟု ပြောပါသည်။
ကိုယုထွေး အမှတ်ရဆုံးကမူ အတန်းပိုင်ဆရာမကို အော်တိုထိုးခိုင်းရဲသော တစ်ဦးတည်းသောကျောင်းသား ဖြစ်ခဲ့ရခြင်းပင်။
“အတန်းပိုင်ဆရာမကို ဆရာမ နားနေခန်းထဲအထိ သွားပြီး အော်တို ထိုးခိုင်းတာ ကျွန်တော်တစ်ယောက်ပဲ ရှိတယ်။ ဆရာမကလည်း ထိုးပေးလိုက်တယ်။ သူငယ်ချင်းတွေကို ကြွားတာပေါ့။ ဆရာမ အော်တိုထိုးပေးလိုက်တယ်ဆိုပြီး။ ကျွန်တော်တစ်ယောက်တည်းပဲ ဆရာမက ထိုးပေးတာကို။ တစ်ခြား သူငယ်ချင်းတွေက အားကျနေကြတာပေါ့”ဟု ကိုယုထွေးက ပြောသည်။
ထိုအော်တိုထိုးသည့် ဆယ်တန်း နှစ်သည် ကိုယုထွေး၏ ကျောင်းသားဘ၀ နောက်ဆုံးနှစ်ဖြစ်ခဲ့ပြီး ထိုအော်တိုထိုးသည့် အခိုက်အတန့်ကို သူမမေ့တော့ကြောင်း ပြောပါသည်။
“ကျောင်းပိတ်သွားရင် တစ်ယောက်နဲ့ တစ်ယောက် သိပ်မတွေ့ရတော့ ဘူးလေ။ အမှတ်တရအနေနဲ့ ထိုးကြတာပေါ့”ဟု ကိုယုထွေးက ပြောသည်။
ကိုယုထွေးတွင်မူ ထိုအော်တိုစာအုပ်လေး မရှိတော့ပါ။
သို့သော် တချို့သောသူတို့က အိမ်ထောင်ကျသွားသည့်တိုင်အောင် ကျောင်းတုန်းက အော်တိုစာအုပ်လေးများကို မပျောက်မပျက် သိမ်းထားကြကြောင်း မကေသီနွယ်က ပြောပါသည်။
သိမ်းထားသူတို့သည် ကျောင်းတော် ကြီးကို ပြန်လွမ်းသည့်အခါ၊ လွတ်လပ် ပေါ့ပါးစွာ ပျော်ရွှင်ခဲ့ဖူးသည့် ကျောင်းသား ဘ၀ကို ပြန်အမှတ်ရသည့်အခါ၊ ခိုးကြည့်ရသူလေးကို သတိတရ ရှိလာသည့်အခါ အော်တိုစာအုပ်လေးကို ပြန်ထုတ်ကာ အလွမ်းပြေ ဖတ်ဖြစ်နေပါလိမ့်မည်။
“ခုချိန်ပြန်တွေးရင်တော့ ရယ်စရာပဲ။ ဒါပေမဲ့ တစ်ခါခါ လွမ်းစရာလည်း ကောင်းတယ်”ဟု မကေသီနွယ်က ပြောပါသည်။
တနင်္သာရီသတင်းအဖွဲ့