BREAKING
February 24, 2025

မောတောင်နယ်စပ်တွင် တောမီးလောင်

February 17, 2020

တနင်္သာရီမြို့နယ် မောတောင်နယ်စပ်(မောတောင်မြို့)အမှတ် ၁ ရပ်ကွက်တွင် ဖေဖော်ဝါရီလ ၁၃ ရက်က လောင်ကျွမ်းခဲ့သည့် တောမီးကြောင့် နှစ်ရှည်ပင် အပါအဝင် သီးနှံအပင် တစ်ထောင်နီးပါး ဆုံးရှုံးခဲ့ရကြောင်း မောတောင်နယ်မြေ မီးသတ်စခန်း တာဝန်ခံ ဦးစည်သူထံမှ သိရသည်။

တောမီးမှာ ဥယျာဉ်ခြံများအား ကူးစက်ခဲ့သဖြင့် နှစ်နှစ်သားအရွယ်ကွမ်းသီးပင် ၄၀၀၊ လေးနှစ်သားအရွယ် ရော်ဘာပင် ၁၀၀၊ သီဟိုသုံးနှစ်သား ၁၅၀ နှင့် (ရခိုင်ငှက်ပျော)ငှက်ပျောပင် ၃၀၀ ခန့် မီးလောင်ကျွမ်းခဲ့ရကြောင်း မောတောင်နယ်မြေ မီးသတ်စခန်း တာဝန်ခံ ဦးစည်သူက ပြောသည်။

“မီးက လျှိုကြီးထဲမှာ။ ကားလည်း ဝင်လို့ မရဘူး။ လူသွားလမ်းလည်း မရှိဘူး”ဟု နယ်မြေမီးသတ်စခန်း တာဝန်ခံ ဦးစည်သူက ပြောသည်။

အဆိုပါ တောမီးမှာ မွန်းတည့်ဆယ့်နှစ်နာရီကျော်မှ စတင်လောင် ကျွမ်းခဲ့ရာ ညနေလေးနာရီခွဲအချိန်ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ပြီး ညရှစ်နာရီ အချိန်ခန့်တွင် အပြီးသတ်မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း ၎င်းက ပြောသည်။

Dawei Watch