ထားဝယ်ခရိုင်တွင် ယခုနှစ် ကွမ်းသီးခြောက်စျေးနှုန်းမှာ ယခင်နှစ်ကာလတူ ဇန်နဝါရီလ၏ စျေးနှုန်းထက် သုံးဆခန့် တက်သွားကြောင်း ထားဝယ်မြို့ ရှိ ကွမ်းသီးလုပ်ငန်းရှင်များနှင့် ဒေသခံတောင်သူများထံမှ သိရသည်။
ပြီးခဲ့သည့်နှစ် ဇန်နဝါရီလက ကွမ်းသီးခြောက် တစ်ပိဿာလျှင် ကျပ် ၄,၀၀၀ ခန့် ပေါက်စျေးရှိပြီး ယခုနှစ် ဇန်နဝါရီလ တွင်မူ ကျပ် ၁၂,၀၀၀ အထိ စျေးပေါက်ကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရသည်။
ယခုနှစ်တွင် စျေးကွက်အတွင်းသို့ ကွမ်းသီး အဝင်နည်းသဖြင့် စျေးမြင့်တက်ခြင်းဖြစ်ကြောင်း ထားဝယ်မြို့မှ ကွမ်းသီးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
“လက်ရှိ ထားဝယ်အခြေအနေအရ ကွမ်းသီးတစ်ပိဿာ ၁၂,၀၀၀ကျပ်နဲ့ ၁၃,၀၀၀ကျပ်ကြား ပတ်ချာလည်က စျေးချလို့ကို မရဘူး၊ စျေးကွက် အခြေအနေအရပေါ့။ တစ်ခါမှလည်း ဒီလိုရာသီ ဒီစျေးမဖွင့်ခဲ့ဖူးဘူး” ဟု ၎င်းက ဆိုသည်။
ယင်းအပြင် ကွမ်းသီးခြောက်မှာ ပြည်တွင်း၊ ပြည်ပ ဝယ်လိုအားမြင့်တက်ခြင်းကြောင့်လည်း စျေးတက်ကြောင်း ထားဝယ်မြို့ ရှိ ကွမ်းသီးလုပ်ငန်းရှင်အသိုင်းဝိုင်းထံမှ သိရသည်။
ကွမ်းသီးနုရာသီဖြစ်သည့် ပြီးခဲ့သည့်နှစ် ဇွန်လခန့်တွင် ရေဖြူနှင့် သရက်ချောင်းမြို့နယ်များ၌ ကွမ်သီးနု စျေးကောင်းခဲ့သည့် အတွက် တောင်သူအများစုမှာ ကွမ်းသီးမှည့်ချိန်အထိ မစောင့်တော့ဘဲ ရောင်းချကြသဖြင့် ယခုနှစ် ကွမ်းသီးခြောက် ပြတ်လပ်ခြင်းဖြစ်ကြောင်း အဆိုပါမြို့နယ်များရှိ တောင်သူများက ပြောဆိုသည်။
“ကွမ်းသီးနု တစ်ပိဿာ ၁၂၀၀၀ စျေးရှိတယ်။ အခြောက်ခံမယ်ထားဦး၊ ကွမ်းသီးခြောက်စျေးက ဒီစျေးလောက် တစ်ခါမှ မရဖူးဘူး။ နောက်ပြီး သူခိုးလည်း အခိုးခံရတော့ ကွမ်းသီးနုတုန်းကပဲ ခူးရောင်းလိုက်တယ်” ဟု ရေဖြူမြို့ နယ်မှ တောင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။
ထားဝယ်ဒေသရှိ ကွမ်းသီးခြောက်စျေးမှာ ပြီးခဲ့သည်နှစ် ဒီဇင်ဘာလတွင် တစ်ပိဿာလျှင် ကျပ် ၁၅,၀၀၀အထိ စျေးအမြင့်ဆုံး ရရှိခဲ့ကြောင်း လောင်းလုံးမြို့နယ်ရှိ တောင်သူတစ်ဦးက ဆိုသည်။
ရေဖြူမြို့ နယ် နဘုလယ်ဒေသနှင့်အနီးတစ်ဝိုက်တွင် ၂၀၂၃ ခုနှစ်ကစပြီး စစ်ရေးပဋိပက္ခနှင့် ကွမ်းသီးပေါ်ချိန် သူခိုး အန္တရာယ်များကြောင့် တောင်သူအများစုမှာ ကွမ်းသီးနု ခူးရောင်းမှု များလာကြောင်း တောင်သူများထံမှ သိရသည်။