BREAKING
January 17, 2025

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

January 17, 2025

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဇန်နဝါရီ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အထိ

ကယ်လီဖိုးနီးယား တောမီး နေရာအချို့ ထိန်းချုပ်လာနိုင်

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်းမှာ လောင်ကျွမ်းနေတဲ့ တောမီးတွေထဲက နေရာ ၂ နေရာကို မီးသတ်သမားတွေ ထိန်းချုပ်နိုင်ပြီဖြစ်တယ်လို့ ဇန်နဝါရီလ ၁၆ရက်နေ့က ဆိုပါတယ်။

လေကလည်း အနည်းငယ် ငြိမ်သက်လာနေလို့ ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဆိုတာပါ။

ဒါကြောင့် Los Angeles မြို့က အန္တရာယ် အများဆုံးနေရာလို့ သတ်မှတ်ထားတဲ့ နေရာတွေကိုသတိပေးချက်တွေ ရုတ်သိမ်းလိုက်ပါတယ်။

ပြည်နယ်ထဲက အဓိကအဆိုးဆုံးဖြစ်တဲ့ Palisades မှာလောင်နေတဲ့တောမီးကို ၂၇ ရာခိုင်နှုန်းလောက် ထိန်းချုပ်ထားနိုင်ပြီး ဒုတိယ အဆိုးဆုံးဖြစ်တဲ့ Eaton မီးကိုတော့ ၅၅ ရာခိုင်နှုန်းလောက်ထိန်းချုပ်နိုင်ပြီလို့ ကယ်လီဖိုးနီးယားမီးသတ်က ထုတ်ပြန်ပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ်က အချိန်တစ်ပတ်ကျော်ကြာ လောင်ခဲ့တဲ့ တောမီးကြောင့် လူပေါင်း၂၇ ဦးအထိ သေဆုံးခဲ့သလို အဆောက်အဦးပေါင်း ၁၂၀၀၀ ကျော်ကိုလည်း ဖျက်ဆီးခဲ့ပါတယ်။

Ref: NBC News

………………………………..

၂၀၂၄ ခုနှစ်က ကမ္ဘာ့အပူဆုံးနှစ်တစ်နှစ် ဖြစ်ခဲ့

၂၀၂၄ ခုနှစ်ရဲ့ ကမ္ဘာ့အပူချိန်ဟာ စံချိန်တင်မြင့်တက်လာခဲ့ပြီး စိုးရိမ်အမှတ်အပူချိန်အထိရောက်ရှိခဲ့တယ်လို့ မိုးလေဝသ စောင့်ကြည့်ရေး အေဂျင်စီက ဇန်နဝါရီလ ၁၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

၂၀၂၄ ခုနှစ် အတွက် ကမ္ဘာ့ပျမ်းမျှအပူချိန်ဟာ ၂၀၂၃ ခုနှစ်က အပူချိန်ထက် ပိုများခဲ့တာပါ။

၁၈၅၀ ခုနှစ်နောက်ပိုင်း စက်မှုခေတ်မတိုင်မီက အပူချိန်ရဲ့အထက် ၁ ဒသမ ၅ စင်တီဂရိတ်ကို မကျော်လွန်ဖို့ ကန့်သတ်ချက်ကိုတောင် ကျော်လွန်သွားခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

အပူချိန်သာ ဒီလိုရေရှည်မြင့်တက်နေရင် လူသေဆုံးမှုတွေ၊ ပျက်စီးမှုတွေ၊ မျိုးစိတ်တွေ ဆုံးရှုံးပျောက်ကွယ်တာတွေ ရင်ဆိုင်ရဖို့ ရှိနေတယ်လို့ ဆိုပါတယ်။

အပူချိန်ကန့်သတ်ချက်ကို ကျော်လွန်သွားခဲ့တာက မှတ်တမ်းတင်ထားသမျှ သမိုင်းတလျှောက်ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

Ref: The Guardian

………………………………..

ကယ်စီနိုဥပဒေမူကြမ်း ထိုင်းအစိုးရအဖွဲ့ အတည်ပြု

ထိုင်းနိုင်ငံမှာ တရားဝင်လောင်းကစား လုပ်ငန်းလုပ်ပိုင်ခွင့်ပေးမယ့် ကယ်စီနို ဥပဒေမူကြမ်းကိုဇန်နဝါရီ ၁၃ ရက်နေ့မှာ အစိုးရဖွဲ့က အတည်ပြုလိုက်ပါတယ်။

ထိုင်းနိုင်ငံ ခရီးသွားလာရေးကဏ္ဍအတွက် ဆွဲဆောင်တဲ့အနေနဲ့ရော အလုပ်အကိုင်အခွင့်အလမ်းကိုပါ ပိုတိုးလာစေဖို့ ရည်ရွယ်ထားတာပါ။

ဥပဒေမူကြမ်းထဲမှာ ခရီးသွားတွေအလာများတဲ့ ဟိုတယ်တွေ၊ ဈေးဝယ်စင်တာတွေ၊ ရေကစားဥယျာဥ်တွေလို နေရာတွေမှာ ကာစီနိုဖွင့်ခွင့်ပေးထားပါတယ်။

ဥပဒေအသက်ဝင်လာရင် ခရီးသွားအရေအတွက် ၅ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းအထိ တိုးလာနိုင်ပြီး အလုပ် အကိုင် ၂၀၀၀၀ လောက် တိုးလာမှာဖြစ်တယ်လို့ အစိုးရအဖွဲ့က ခန့်မှန်းထားပါတယ်။

Ref: The Nation

………………………………..

ယူကရိန်းစစ်မှာ မြောက်ကိုရီးယားစစ်သား ၃၀၀ လောက်သေဆုံးလို့ဆို

ယူကရိန်းစစ်ပွဲမှာ မြောက်ကိုရီးယားစစ်သား ၃၀၀ ခန့် သေဆုံးနေတယ်လို့ တောင်ကိုးရီးယားဘက်က ဇန်နဝါရီလ ၁၃ ရက်နေ့မှာ ထုတ်ပြောလာပါတယ်။

နောက်ထပ် မြောက်ကိုရီးယားစစ်သား ၂၇၀၀ လောက် ဒဏ်ရာရရှိထားတယ်လို့ ဆိုထားတာပါ။

ထိုအချက်အလက်တွေက ယူကရိန်းတပ်ဖွဲ့တွေ ဖမ်းဆီးရမိထားတဲ့ မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေကို စစ်ဆေးမေးမြန်းတာတွေ ထောက်လှမ်းတာတွေအရသိရှိရတယ်လို့ ဆိုပါတယ်။

ရုရှားက ကာရှ်တိုက်ပွဲမှာလည်း မြောက်ကိုရီးယားစစ်သားနှစ်ဦးကို ယူကရိန်းက ဖမ်းဆီးရမိထားပါတယ်။

ဒီမြောက်ကိုးရီးယားစစ်သားတွေနဲ့ ရုရှားကဖမ်းထားတဲ့ ယူကရိန်းစစ်သားတွေကို အပြန်အလှန်လဲလှယ်လိုတယ်လို့ ယူကရိန်းသမ္မတ ဇလန်းစကီးက ပြောပါတယ်။

Ref: Aljazeera

………………………………..

စစ်အုပ်ချုပ်ရေး ကြေညာခဲ့တဲ့ တောင်ကိုရီးယားသမ္မတ ထိန်းသိမ်းခံရ

တောင်ကိုရီးယားမှာ စစ်အုပ်ချုပ်ရေးကြေညာခဲ့လို့ ရာထူးက ဆိုင်းငံ့ခံထားရတဲ့ တောင်ကိုရီးယားသမ္မတ ယွန်းဆုတ်ယိုးကို ဇန်နဝါရီလ ၁၅ ရက်နေ့မှာ ထိန်းသိမ်းလိုက်ပါတယ်။

ဒီဖြစ်ရပ်က တောင်ကိုရီးယားသမိုင်းမှာ ပထမဆုံးအကြိမ် သက်တမ်းကျန်ရှိနေသေးတဲ့ သမ္မတတစ်ဦးကို ဖမ်းဆီးခဲ့တာပါ။

သမ္မတကို အာဏာအလွဲသုံးစားမှု၊ အကျင့်ပျက်ခြစားမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ တရားရုံးက ဆင့်ခေါ်ခဲ့ပေမယ့် လာရောက်ဖို့ ပျက်ကွက်နေလို့ ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။

သမ္မတလုံခြုံရေးတပ်ဖွဲ့တွေက လာရောက်ဖမ်းဆီးသူတွေကို တားဆီးခဲ့လို့ ရက်အတော်ကြာဖမ်းဆီးဖို့ အခက်တွေ့နေကြတာ ဖြစ်ပါတယ်။

အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး အေဂျင်စီအနေနဲ့ သူ့ကို စုံစမ်းစစ်ဆေးခွင့်မရှိပေမယ့်လည်းဆူပူမှုတွေ ထပ်မဖြစ်စေဖို့ ပူးပေါင်းပေးခဲ့တယ်လို့ သမ္မတယွန်းက ပြောပါတယ်။

လက်ရှိအချိန်အထိ ဆိုးလ်ထိန်းသိမ်းစခန်းမှာ ထိန်းသိမ်းခံထားရပြီး စုံစမ်းစစ်ဆေးရေးဘက်ကမေးခွန်းမေးမြန်းမှုတွေအားလုံးကို ဖြေကြားဖို့ ငြင်းဆန်နေတုန်းဖြစ်ပါတယ်။

Ref: The Guardian

………………………………..

ပြင်သစ်မှာ ရထားနှစ်စီး တိုက်မှုကြောင့် လူ ၇၀ နီးပါးဒဏ်ရာရ

ပြင်သစ်နိုင်ငံအရှေ့ပိုင်း စထရက်စ်ဘတ်မြို့မှာ မြို့တွင်းသုံးလျှပ်စစ်ရထားနှစ်စီး ဇန်နဝါရီလ ၁၁ရက်နေ့က တိုက်မိလို့ အနည်းဆုံး လူ ၇၀ နီးပါး ဒဏ်ရာရရှိခဲ့ပါတယ်။

ဗီဒီယိုမှတ်တမ်းတွေအရ ရထားနှစ်စီး တိုက်မိပြီးနောက် အောက်ပိုင်းကနေ မီးခိုးတွေထွက်နေခဲ့တာပါ။

တိုက်မိပြီးတဲ့နောက် ခရီးသည်တွေ ရထားတွဲတွေထဲမှာ ပိတ်မိနေတာကိုလည်း တွေ့ရပါတယ်။

စထရက်စ်ဘတ်မြို့ ဗဟိုဘူတာရုံမှာ ရထားတစ်စီးက လမ်းကြောင်းပြောင်းရာကနေ ရပ်နားထားတဲ့ နောက်တစ်စီးနဲ့ တိုက်မိခဲ့တာ ဖြစ်ပါတယ်။

Ref: BBC

………………………………..

အစ္စရေးနဲ့ ဟားမတ်စ်တို့ကြား အပစ်အခတ်ရပ်စဲမှု သဘောတူညီချက် အမြန်ဆုံး စတင်လို

အစ္စရေးနဲ့ ဟားမတ်စ်တို့ကြား ရရှိထားတဲ့ အပစ်အခတ်ရပ်စဲမှု သဘောတူညီချက်နဲ့ အဖမ်းခံနေရတဲ့ ဓါးစာခံတွေ ပြန်လွတ်မြာက်ရေး သဘောတူညီချက် တည်မြဲဖို့ လာမည့် ဇန်နဝါရီလ ၁၉ ရက်နေ့မှာ စတင်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။

သဘောတူညီချက်ကို အမြန်ဆုံး အကောင်အထည်ဖော်နိုင်မယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။

ဂါဇာစစ်ပွဲ အပစ်အခတ်ရပ်စဲမှုသဘောတူညီချက်ရဖို့ အစ္စရေးဘက်က လွှတ်တော်အတည်ပြုချက်ရဖို့ အချိန်ကြန့်ကြာနေခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ ဓါးစာခံတွေ ပြန်လွှတ်ပေးဖို့နဲ့ လဲလှယ်ဖို့ သဘောတူညီမှု ရရှိထားပြီလို့အစ္စရေးဝန်ကြီးချုပ်က အတည်ပြုပါတယ်။

ဟားမတ်စ် အကြီးတန်း အရာရှိတစ်ဦးကတော့ ကြားဝင်စေစပ်ပေးသူတွေ ကြေညာထားတဲ့ အပစ်ရပ် သဘောတူညီချက်အတိုင်း လိုက်နာမယ်လို့ ဆိုပါတယ်။

Ref: CNN

………………………………..

တရုတ်နှစ်သစ်ကူး မီးထွန်းပွဲတော် ပေကျင်းမှာ ပြုလုပ်

တရုတ်နိုင်ငံ ဘေကျင်းမြို့တော် ဝမ်ယုဥယျာဉ်မှာ တရုတ်နှစ်သစ်ကူးပွဲတော်ရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ မီးပုံးရောင်စုံကို လှပဆန်းကျယ်တဲ့ ဒီဇိုင်းစုံနဲ့ တွေ့မြင်ရပါတယ်။

ဒီ မီးပုံးတွေကို မတ်လ ၉ ရက်နေ့အထိ ထွန်းညှိပေးထားမှာပါ။

ရိုးရာအက၊ အဆိုတွေနဲ့အတူ မျက်လှည့်ပွဲတွေပါ ထည့်သွင်း ဖျော်ဖြေဖို့ ရှိနေပါတယ်။

အစားအသောက်ဈေးတန်းလည်း ဖွင့်လှစ်ရောင်းချနေပြီးတော့ ရာသီဥတုက ပိုအေးနေလို့မီးထွန်းပွဲလာရောက်သူများအနေနဲ့ နွေးနွေးထွေးထွေး အဝတ်တွေ ဝတ်ဆင်လာလို့ အကြံပြုထားပါတယ်။

Ref: Bastille

………………………………..

တေလာဆွစ်ဖ်က ဝန်ထမ်းတစ်ဦးချင်းစီကို ဒေါ်လာ တစ်သိန်းစီ ဘောနပ်ပေး

ကမ္ဘာကျော် အဆိုတော် ပေါ့ပ်ဘုရင်မတေလာဆွစ်ဖ်က The Eras Tour ဝန်ထမ်းတွေအားလုံးကိုဘောနပ်ဒေါ်လာ ၁ သိန်းစီ ပေးခဲ့ပါတယ်။

တေလာဆွစ်ဖ်ဆီကနေ လက်ရေးစာနဲ့အတူ ဘောနပ်တွေအများကြီးရရှိခဲ့တယ်ဆိုတာကို အဖွဲ့သားတစ်ဦးက အခုမှ ထုတ်ပြောလာခဲ့တာပါ။

စာထဲမှာတော့ “The Eras Tour ရဲ့ အမေရိကန်ဖျော်ဖြေပွဲမှာ အကောင်းဆုံးလုပ်ဆောင်မှုအတွက်ကျေးဇူးတင်ပါတယ်။ သင့်ရဲ့ထိုက်တန်တဲ့ဆုကြေးက ဒေါ်လာ တစ်သိန်းပါ။ ချစ်ခြင်းမေတ္တာဖြင့်တေလာ” လို့ ရေးသားထားပါတယ်။

တေလာဆွစ်ဖ်ဟာ ၂၀၂၃ ခုနှစ် မတ်လမှာ စတင်ခဲ့တဲ့ သူမရဲ့ကမ္ဘာလှည့်ဖျော်ဖြေပွဲ Eras Tour ရဲ့နောက်ဆုံးရှိုးပွဲကို ဒီဇင်ဘာ ၈ ရက်နေ့က ကနေဒါနိုင်ငံ၊ ဗန်ကူးမားမှာ ဖျော်ဖြေတင်ဆက်ခဲ့တာဖြစ်ပါတယ်။

Ref: Daily Mail

………………………………..