BREAKING
January 17, 2025

လုပ်အားခမပေးဘဲ ခြိမ်းခြောက်သည့် ထိုင်းအလုပ်ရှင်ကို မြန်မာလုပ်သား ၇၀ ကျော်ကအမှုဖွင့်

January 17, 2025

ပုံစာ - မြန်မာအလုပ်သမားများ ဆာဝါဒီကန်ရုံးတွင် သွားရောက်တိုင်ကြားစဉ် (AAC မဟာမိတ်အဖွဲ့)

ထိုင်းနိုင်ငံ စူဖန်ဘူရီခရိုင်ရှိ ကြက်သားစက်ရုံက မြန်မာအလုပ်သမား ၇၀ ကျော်သည် လုပ်အားခ မရသည့်အပြင် အလုပ်ရှင်က ခြိမ်းခြောက်မှုများ ပြုလုပ်နေသဖြင့် အလုပ်သမား ကာကွယ်စောင့်ရှောက်ရေးရုံး (ဆာဝါဒီကန်) သို့ အမှုဖွင့် တိုင်ကြားလိုက်သည်။

ပြီးခဲ့သောနှစ် စက်တင်ဘာလမှစ၍ စက်ရုံအလုပ်ရှင်က မြန်မာအလုပ်သမား ၇၂ ဦးကို လုပ်အားခ အချိန်မှန် မထုတ်ပေးတော့ကြောင်း ကူညီဆောင်ရွက်ပေးနေသော AAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။

လုပ်အားခ ပုံမှန်မရပဲ အလုပ်လုပ်ကိုင်နေရင်း ယခုနှစ် ဇန်နဝါရီလသို့ ရောက်လာသောအခါ လုပ်အားခ ၂ လကျော်စာကို အလုပ်ရှင်က အလုပ်သမားများအား လုံးဝ ထုတ်ပေးခြင်းမရှိတော့ကြောင်း သိရသည်။

ထို့ကြောင့် အလုပ်သမားများက ၎င်းတို့၏ လုပ်အားခများ ပြန်လည်ရရှိရန် AAC မဟာမိတ်အဖွဲ့ထံ အကူအညီလာတောင်းခံခဲ့၍ ဇန်နဝါရီလ ၁၆ ရက်နေ့က ဆာဝါဒီကန်ရုံးတွင် အမှုဖွင့်တိုင်ကြားလိုက်ပြီဖြစ်ကြောင်း ဒါရိုက်တာ ဦးခိုင်ကြီးက ပြောသည်။

“အလုပ်မဆင်းတဲ့သူကို အကြွေးကိစ္စမပေးနိုင်သေးဘူး။ အလုပ်ဆင်းတဲ့သူကို တစ်နေ့စာ တစ်နေ့ ပေးမယ်ပေါ့။ ဆင်းမယ်ဆိုရင် (အကြွေးပါ) ပေးမယ်ပဲ ပြောပြောပြီး ခိုင်းလာတာ အခု ပီမိုင် (နှစ်သစ်) ကျော်လာတော့ အလုပ်သမားတွေ မခံနိုင်ဖြစ်ပြီး တိုင်လိုက်ကြတာ” ဟု ဒါရိုက်တာ ဦးခိုင်ကြီးက ဆိုသည်။

မြန်မာအလုပ်သမားများသည် စက်ရုံထဲ ကီလိုလိုက် ပုတ်ပြတ်လုပ်ခဲ့ရပြီး လုပ်အားခ ၂ လကျော်စာအတွက် တစ်ဦးလျှင် ဘတ် ၂၅,၀၀၀ မှ ၂၈,၀၀၀ အထိ အလုပ်ရှင်ထံမှ ရရန်ရှိနေကြောင်း ၎င်းက ဆိုသည်။

မြန်မာအလုပ်သမား ၇၂ ဦးအထိရှိသဖြင့် အားလုံး၏ လုပ်အားခ စုစုပေါင်း အနည်းဆုံး ဘတ် ၁၈ သိန်းခန့်ကို အလုပ်ရှင်က ထုတ်ပေးရမည်ဖြစ်ကြောင်း ဦးခိုင်ကြီးက ဆိုသည်။

ထို့အပြင် မြန်မာအလုပ်သမားများအား စက်ရုံထဲ အလုပ်ဆက်မလုပ်လိုပါက ရဲစခန်းသို့ တိုင်၍ မြန်မာပြည်သို့ ပြန်ပို့မည်ဟု အလုပ်ရှင်က ခြိမ်းခြောက်ခဲ့သေးကြောင်း အဖွဲ့ထံမှ သိရသည်။

လက်ရှိအချိန်တွင် လုပ်အားခတောင်းဆိုထားသော မြန်မာအလုပ်သမားများကို စက်ရုံထဲမှ နှင်ထုတ်ထားသဖြင့် အလုပ်လက်မဲ့ဖြစ်နေကြပြီး နေရေး စားရေးအတွက်ပါ အခက်အခဲများစွာ ကြုံတွေ့နေကြကြောင်း သိရသည်။

မြန်မာအလုပ်သမားများကလည်း လုပ်အားခများ ပြန်လည်ရရှိရန်နှင့် စက်ရုံထဲ လုပ်အားခမပေးပဲ ခိုင်းစေနေမှုများကို သွားရောက်စစ်ဆေးပေးရန် အလုပ်သမားရုံထံ တောင်းဆိုထားကြသည်။