BREAKING
January 17, 2025

မြိတ်ကျွန်းစုထွက် ငါးခြောက်ဈေးနှုန်း နှစ်ဆနီးပါးမြင့်တတ်

January 17, 2025

မြိတ်မြို့တွင် မြိတ်ကျွန်းစုထွက် ငါးခြောက်များ အရောင်းသွက်နေပြီး ဈေးကောင်းရနေကြောင်း ငါးခြောက်ဒိုင်အချို့ထံမှ သိရသည်။

ရောင်းအား အကောင်းဆုံးငါးခြောက်မှာ အူကြီးခြောက်(ငါးလိပ်စွန်) ဖြစ်ပြီး တစ်ပိဿာလျှင် ကျပ်ကိုးသောင်း ဝန်းကျင်ပေါက်ဈေးရှိနေပြီး ယမန်နှစ် မတ်လကမူ ကျပ်ခြောက်သောင်း ဝန်းကျင်သာဈေးရှိခဲ့ကြောင်း မြိတ်ဈေးကွက်အတွင်းမှ သိရသည်။

ယမန်နှစ်က ဇလုံးခြောက်(ငါးရောင်ခြောက်)တစ်ပိဿာလျှင် သုံးသောင်းခွဲကျပ်ဝန်းကျင် ပေါက်ဈေးရှိရာက လက်ရှိတွင် ကျပ်ငါးသောင်းဝန်းကျင် ဈေးပေါက်နေသည်။

ငါးလိပ်ကျောက်ခြောက်လည်း လက်ရှိတွင်တစ်ပိဿာလျှင် ကျပ်ခြောက်သောင်းဝန်းကျင် ဈေးပေါက်နေကာ ကျန်သည့်ငါးခြောက်များလည်း နှစ်ဆနီးပါးဈေးတက်နေကြောင်း ငါးခြောက်ဒိုင်ပိုင်ရှင်အချို့က ဆိုသည်။

ငါးလိပ်ကျောက်နှင့် ငါးလိပ်စွန်တို့မှာ မျိုးသုဉ်းမည့်အန္တရာယ်ရှိသော ငါးမျိုးစိတ်အဖြစ် သတ်မှတ်ထားသော်လည်း စျေးကွက်တွင် ဖမ်းဆီးရောင်းချမှုများ ရှိနေသည်။

ငါးဖမ်းသမားများ၏ အဆိုအရ ငါးဖမ်းပိုက်များတွင် အခြားငါးများနှင့် ရောနှောဖမ်းမိလေ့ရှိသလို သီးခြားဖမ်းဆီးသူများလည်း ရှိဟုသိရသည်။

၎င်းတို့ကို အခြောက်လှန်း ရောင်းချလေ့ရှိပြီး လူကြိုက်များသည့် ငါးခြောက်အမျိုးအစားတစ်ခုလည်း ဖြစ်သည်။

“ရောင်းအားကောင်းတဲ့ ငါးခြောက်တွေဆို နှစ်ဆနီးပါးလောက် ဈေးတက်လာတယ်။ ကျန်တဲ့ငါးခြောက်တွေလည်း ထောင်ကဏန်း၊သောင်းဂဏန်းလောက် ဈေးတတ်လာတာတွေရှိတယ်”ဟု မြိတ်မြို့နေ ငါးခြောက်ဒိုင်ပိုင်ရှင် အမျိုးသမီးကပြောသည်။

မြိတ်ကျွန်းစုထွက် ငါးခြောက်များကို တိုင်းပြင်ပရှိ မြို့ကြီးများအပြင် ထိုင်းနိုင်ငံကိုလည်း တင်ပို့‌ရောင်းချမှု များလာသဖြင့် အရောင်းသွက်လာပြီး ဈေးတက်လာခြင်းဖြစ်ကြောင်း မြိတ်မြို့ရှိ အခြားငါးခြောက်ဒိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။

“ငါး‌ခြောက် လာမှာတဲ့သူတွေက ပြည်ပမှာနေတဲ့ သူတွေများတယ်။ဝယ်ပြီးပြန်ရောင်းတဲ့သူလည်း ရှိတယ်။ စားဖို့သီးသန့် မှာတဲ့သူလည်းရှိတယ်”ဟု မြိတ်မြို့ရှိ ငါးပိ၊ငါးခြောက်ဒိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးက ပြောသည်။

မြိတ်ဈေးကွက်မှ ထိုင်းနိုင်ငံသို့ တင်ပို့ရာတွင် တနင်္သာရီမြို့နယ်ရှိ မောတောင်နယ်စပ် နှင့် ကော့သောင်းနယ်စပ် လမ်းကြောင်းများမှတစ်ဆင့် အဓိကတင်ပို့ ရောင်းချနေကြောင်း ငါးခြောက်ဒိုင်အချို့ကဆိုသည်။