BREAKING
January 17, 2025

ကော့သောင်းမှ မြိတ်ကိုလာသည့် ငါးဖမ်းစက်လှေတစ်စီး နစ်မြုပ်

January 17, 2025

ကော့သောင်းမြို့ မှ မြိတ်မြို့သို့ လာသည့် “စိုးလှိုင်မိုး ၇ ” ငါးဖမ်းစက်လှေသည် ဇန်နဝါရီလ ၁၅ ရက် နေ့လယ်ပိုင်းက ကျွန်းစုမြို့နယ် ၊ စခန်းသစ်ရွာအနီး ပင်လယ်ပြင်တွင် နစ်မြုပ်ခဲ့ကြောင်း နစ်မြုပ်ရာတွင်သွားရောက် ကူညီပေးခဲ့သည့်ရွာသားများနှင့် ဒေသခံ ပရဟိတအသင်းထံကသိရသည်။

ကျောက်ဆောင်ဖြင့် တိုက်မိ၍ စက်လှေ နစ်မြုပ်ခြင်းဖြစ်ကြောင်း၊ စက်လှေနစ်မြုပ်သည့် နေရာသည် ရွာနှင့် နီးသည့်အပြင် နေ့ခင်းဘက်တွင် နစ်မြုပ်ခြင်းဖြစ်၍ လှေပေါ်ပါ ပစ္စည်းအများစုကို ဆယ်ယူနိုင်ခဲ့ကြောင်း ကူညီကယ်ဆယ်ရာတွင်ပါဝင်သည့် ဒေသခံ ပရဟိတ အသင်းဝင်တစ်ဦး ကပြောသည်။

ယင်းအပြင် စက်လှေပေါ် လိုက်ပါလာသည့် လှေလုပ်သား ၁၁ ဦးစလုံးလည်း ထိခိုက်မှုမရှိဘဲ အသက်ဘေးလွတ်မြောက်ခဲ့ကြောင်း စခန်းသစ်ရွာသားများထံကသိရသည်။

“ချက်ချင်းပဲ ကယ်ဆယ်ရေးတွေ လုပ်ခဲ့တယ်။ လူရော ပစ္စည်း ရောအထိအခိုက်မရှိဘူး ။ ရွာကလှေတွေနဲ့ စစ်သင်္ဘောတစ်စီးလာကူဆွဲပေးကြတယ်။ နစ်တဲ့လှေကတော့ ၁၆ ရက်နေ့ မနက်ဆယ်နာရီလောက်မှ ပြန်ဆယ်နိုင်တယ် ” ဟု ဒေသခံ ပရဟိတအသင်းဝင်တစ်ဦးကပြောသည်။

နစ်မြုပ်သည့် စက်လှေအား ပြုပြင်မှုပြုလုပ်ပြီးနောက် ယနေ့ ဇန်နဝါရီလ ၁၇ ရက်တွင် မြိတ်မြို့သို့ ပြန်သယ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ပြီးခဲ့သည်နှစ် အောက်တိုဘာလကလည်း ပုလောမြို့နယ် ကျောက္ကာရွာမှ မြိတ်မြို့ သို့လာသည့် ခရီးသည်တင်လှေတစ်စီး လှိုင်းဒဏ်နှင့် ဝန်အားမမျှမှုကြောင့် နစ်မြုပ်ခဲ့ပြီး လူဦးရေ ဆယ်ချီသေဆုံးကာ ပျောက်ဆုံးနေသူများလည်း ဆက်ရှိနေသည်ဟု ယင်းဒေသခံများထံကသိရသည်။