ထိုင်းနိုင်ငံ စူဖန်ဘူရီခရိုင်ရှိ မီးရှူးမီးပန်းစက်ရုံ ပေါက်ကွဲမှုကြောင့် သေဆုံးသူ အနည်းဆုံး ၁၈ ဦးအထိ ရှိလာခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။
ပေါက်ကွဲမှုသည် ယနေ့ ဇန်နဝါရီလ ၁၇ ရက်နေ့ မွန်းလွဲပိုင်း ၃ နာရီခွဲအချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ပေါက်ကွဲမှုဖြစ်ပွားခဲ့သောအချိန်တွင် စက်ရုံအတွင်း အလုပ်သမား ၂၀ ကျော်အထိ အလုပ်လုပ်ကိုင်နေကြောင်း ဖော်ပြထားသည်။
ပေါက်ကွဲမှုကြောင့် သေဆုံးသူ အနည်းဆုံး ၁၈ ဦးအထိ ရှိလာသလို သေဆုံးသူအရေအတွက် မြင့်တက်လာနိုင်ကြောင်း သတင်းတွင် ဖော်ပြထားသည်။
ပေါက်ကွဲမှုကြောင့် အလောင်းစများ ပြန့်ကျဲနေသဖြင့် အရေအတွက် တိတိကျကျ မသိနိုင်သေးဘဲ စက်ရုံ၏ အဆောက်အအုံတစ်ခုလုံး လုံးဝ ပျက်စီးသွားခဲ့ကြောင်း ဖော်ပြထားသည်။
သေဆုံးသူများ၏ အချက်အလက်များကို တိတိကျကျမသိရသေးသဖြင့် မြန်မာအလုပ်သမားများ ပါဝင်ခြင်းရှိမရှိကို မသိရှိရသေးပေ။




လက်ရှိအချိန်တွင် မီးကို ထိန်းချုပ်နိုင်ပြီဖြစ်ပြီး ရှာဖွေကယ်ဆယ်မှုများ ဆက်တိုက်လုပ်ဆောင်နေခဲ့ကြောင်း ဖော်ပြထားသည်။
ပေါက်ကွဲမှုဖြစ်ပွားရခြင်း၏ အသေးစိတ်အခြေအနေကိုလည်း မသိရှိရသေးကြောင်း ဖော်ပြထားသည်။
အဆိုပါစက်ရုံသည် ၂၀၂၂ ခုနှစ် နိုဝင်ဘာလက မီးလောင်မှုကြောင့် အလုပ်သမား ၁ ဦးသေဆုံးခဲ့သော စက်ရုံနှင့် အတူတူဖြစ်ကြောင်းလည်း သတင်းဌာနများတွင် ဖော်ပြထားသည်။
Ref: Thai Enquiry, Khaosod English, Thairath