BREAKING
September 20, 2024

ဘီးလင်းရှိ ဝင်းတာပန်စခန်းကို KNUနှင့်ပူးပေါင်းတပ်များ ပိတ်ဆိုထားပြီး တိုက်ပွဲပြင်းထန်

January 17, 2024

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဝင်းတာပန်ကျေးရွာရှိ စစ်ကောင်စီစခန်းကို KNU(ကရင်အမျိုးသား အစည်းအရုံး)နှင့် ပူးပေါင်းတပ်များ ဘက်က ပိတ်ဆို့ထားပြီး တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံတစ်ဦးကပြောသည်။

စစ်ကောင်စီစခန်းထဲမှ တပ်သားများ အပြင်ထွက်မရရန်၊ စစ်ကူမလာနိုင်ရန်နှင့် ရိက္ခာမသယ်နိုင် စေရန်အတွက် KNU ဘက်က ရေလမ်း၊ ကုန်းလမ်း အကုန်ပိတ်ဆို့ထားပြီး တိုက်ပွဲများဆက်လက်ဖော် ဆောင်နေကြောင်း တော်လှန်ရေးအဖွဲ့များထံမှသိရသည်။

တိုက်ပွဲမကြာခဏဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်နေသလို KNUနှင့် ပူပေါင်းတပ်ဖွဲ့များ ဘက်ကလည်း ဒရုန်း၊ လက်နက်ကြီး၊ လက်နက် ငယ်များ အသုံးပြုတိုက်ခိုက်နေခြင်းဖြစ်သည်။

တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုများ ရှိနေကြောင်း သိရသော်လည်း အသေးစိတ်ကို အတည်ပြုနိုင်ခြင်း မရှိသေးပေ။

လက်ရှိတွင် စစ်ကောင်စီဘက်က ဝင်းတာပန်စခန်းသို့ စစ်ကူလာရောက်နိုင်ခြင်းမရှိဘဲ လက်နက်ကြီး ပစ်ကူပေးခြင်းများသာ ရှိကြောင်း သိရသည်။

၂၀၂၃ ဒီဇင်ဘာလ ၁၃ ရက်နေ့မှစတင်ကာ KNU ၏ KNDO(ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ (Karen National Defence Organisation)နှင့် PDF ပူးပေါင်းတပ်များက ဝင်းတာပန်စခန်းကို စတင်ပိတ်ဆို့ တိုက်ခိုက်နေခြင်း ဖြစ်သည်။

တိုက်ပွဲကာလအတွင်း စစ်ကောင်စီဘက်က လေယာဉ်ဖြင့် လာရောက်ပစ်ခတ်ပြီး ပစ်ကူပေးခဲ့ကြောင်း တော်လှန်ရေးအဖွဲ့များကဆိုသည်။

စစ်ကောင်စီဘက်က လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်မှုနှင့် လေကြောင်းသုံး တိုက်ခိုက်မှုများကြောင့် ဝင်းတာပန်ရွာကြီး နှင့် ဝင်းတာပန်အထက်ရွာမှ ဒေသခံ ၁၈၅၀ ကျော် စစ်ဘေးရှောင်နေရကြောင်း သိရသည်။