တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာအခြေစိုက် စစ်ကောင်စီ၏ ခမရ-၅၆၁ တပ်ရင်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များက မနေ့(ဇန်နဝါရီ ၁၆) ညနေပိုင်းတွင် ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့နှင့် ဒေသခံအချို့က ပြောသည်။
ညနေ ၄ နာရီ ၁၂ မိနစ်ခန့်တွင် တစ်ကြိမ်၊ ညနေ ၅ နာရီ ၁၀ မိနစ်ခန့်တွင်တစ်ကြိမ် ဗုံးသီးချတိုက်ခိုက်ရာ စစ်ကောင်စီ၏ ခမရ-၅၆၁ တပ်ရင်းက ၈၁ မမ လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးကပြောသည်။
“နှစ်ရက်ဆက်တိုက် လက်နက်ကြီးနဲ့ပစ်နေတာရှိတယ်။ ဒီနေ့တော့ မပစ်တော့ဘူး” ဟု ညောင်ပင်ကွင်းကျေးရွာက လူငယ်အမျိုးသမီးတစ်ဦးက ပြောသည်။
ဇန်နဝါရီလ ၁၅ ရက် မနက် ၆ နာရီခန့်ကလည်း ခမရ-၅၆၁ တပ်ရင်းနှင့် ညောင်ပင်ကွင်းရွာတံတား စစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု မြိတ်ခရိုင် အမှတ်(၂)တပ်ရင်းက မနေ့ကထုတ်ပြန်ထားသည်။
တိုက်ပွဲဖြစ်ပွားချိန် ၃ နာရီနီးပါးကြာပြီး စစ်ကောင်စီဘက်က ၂ ဦးသေဆုံးကာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်က ၂ ဦး ဒဏ်ရာများရရှိခဲ့သည်ဟု ထုတ်ပြန်ထားသည်။
ပစ်ခတ်မှုတိုက်ခိုက်မှုဖြစ်သည့် ဇန်နဝါရီလ ၁၅ ရက်နှင့် ၁၆ ရက်တွင် စစ်ကောင်စီဘက်က ညောင်ပင်ကွင်းရွာနှင့် အနီးဝန်းကျင်ကို လက်နက်ကြီးနှင့်ပစ်ခတ်မှုများပြုလုပ်ခဲ့သည်ဟု ဒေသခံအချို့နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့က ပြောသည်။

စစ်ကောင်စီဘက်က ပစ်ခတ်သည့် လက်နက်ကြီးမှာ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲမှုများရှိသည်ဟု ညောင်ပင်ကွင်းကျေးရွာက လူငယ်အမျိုးသမီးက ပြောသည်။
ဇန်နဝါရီလ ၁၅ ရက်က နေအိမ်ထဲမှာပင် နေနေသည့် အသက် ၄၀ ကျော်အရွယ်အမျိုးသားတစ်ဦးမှာ အိမ်တံခါးထပိတ်စဉ် လက်နက်ကြီးကျည်စထိမှန်သဖြင့် ဝမ်းဗိုက်နှင့် လက်တွင်ဒဏ်ရာရရှိခဲ့ပြီး အသက် ၇၀ ကျော်အရွယ် အမျိုးသမီးကြီးတစ်ဦးမှာလည်း ဒဏ်ရာများရရှိခဲ့သည်ဟု အထက်ပါ အမျိုးသမီးက ဆိုသည်။
“တိုက်ပွဲဖြစ်လာရင် တခြားလုံခြုံတဲ့နေရာကိုပြောင်းပြေးကြသူတွေလည်းရှိတယ်၊ ကိုယ့်အိမ်မှာပဲ ကိုယ်နေတဲ့လူတွေလည်းရှိတယ်၊ ညီမတို့ကတော့ ဘယ်မှမပြောင်းပြေးကြဘူး။ ကိုယ့်အိမ်မှာပဲ လုံခြုံတဲ့နေရာမှာနေတယ်။ ကားတွေကတော့ ဘာကားမှမလာဘူး။ လိုင်းကားတွေလည်းမလာဘူး။ လမ်းပိတ်တာတော့မရှိဘူး။ ကားတွေကြောက်လန့်ပြီးမလာကြဘူး။ နှစ်ရက်ပေါ့၊ ဒီနေ့နဲ့ဆို သုံးရက်ပေါ့၊ လမ်းမှာအသွားအလာမရှိဘူး” ဟု ၎င်းက ဒေသအခြေအနေကို ပြောပြသည်။
တိုက်ပွဲဖြစ်သည့်နေ့က စစ်ကောင်စီ၏ ကင်းထောက်လေယာဉ်တစ်စီးမှာ တိုက်ပွဲဖြစ်ပွားသည့် နယ်မြေတွင်းပျံသန်းခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ပြောသည်။
ဇန်နဝါရီ ၁၆ ရက် မနက်မှာလည်း တနင်္သာရီမြို့နယ် ရေဖြူကျေးရွာတွင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ နှစ်ဖက်ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့သေးသည်ဟု ဒေသခံအချို့နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့က ပြောသည်။