BREAKING
January 23, 2025

ကောင်းကင်တွင် မြင်ရသည့် အလင်းတန်းကြောင့် ဒေသခံများစိုးရိမ်

December 16, 2024

တနင်္သာရီတိုင်း အပါအဝင် ဒေသအချို့၌ ယနေ့ (ဒီဇင်ဘာလ ၁၆) ည ၆ နာရီ နှင့် ၇ နာရီအကြားတွင် ကောင်းကင်၌ ဖြတ်သန်းသွားသည့် အလင်းတန်းတစ်ခု မြင်တွေ့ခဲ့ရသဖြင့် ဒေသခံများ စိုးရိမ်မှုမြင့်တက်ခဲ့ကြသည်။

ယင်းအလင်းတန်းကို တနင်္သာရီတိုင်းရှိ ထားဝယ်မြစ်ကမ်းနံဘေးကျေးရွာများ နှင့် အရှေ့တောဒေသရှိ ကျေးရွာအချိူ့ မြင်တွေ့ခဲ့ရပြီး စစ်ကိုင်းတိုင်းနှင့် ရန်ကုန်တိုင်း တို့မှလည်း မြင်တွေ့ရကြောင်း သိရသည်။

လူမှုကွန်ရက်တွင်လည်း ယင်းအလင်းတန်း၏ ရုပ်သံနှင့် ဓာတ်ပုံ မှတ်တမ်းများ ထွက်ပေါ်ခဲ့ပြီး ထင်ကြေးအမျိုးမျိုးဖြင့် မှတ်ချက်ပြုပြောဆိုနေကြသည်။

” နှင်းကျ‌နေတဲ့အချိန် ညဖက်ကားမီးထွန်းသွားနေတာကို အဝေးကနေ လှမ်းမြင်ရတာမျိုးပါ။ လူတွေအုတ်ကျွတ်(အများအပြား) ထွက်ကြည့်နေကြတယ်” ဟု မျက်မြင်တွေ့ရသည့် ထားဝယ်ဒေသခံတစ်ဦးကပြောသည် ။

ယနေ့ည မြင်လိုက်ရသည့် အလင်းတန်းသည် တရုတ်နိုင်ငံမှ လွှတ်တင်သည့် Long March 5B ဒုံးပျံ ဖြစ်နိုင်ချေရှိကြောင်း မြန်မာ့နက္ခတ်တာရာနှင့် သိပ္ပံဝါသနာရှင်များအသင်း (MASES-Myanmar) က ဖော်ပြထားသည်။