BREAKING
December 18, 2024

ထိုင်း-မြန်မာနယ်စပ်ဘက် ဦးတည်လာသည့် စစ်ကောင်စီယာဉ်တန်းကို ဒရုန်းဖြင့်တိုက်ခိုက်

December 16, 2024

ထိုင်း-မြန်မာနယ်စပ်၊ မောတောင်မြို့ဘက်ကိုလာသည့် စစ်ကောင်စီတပ်ယာဉ်တန်းကို တနင်္သာရီမြို့နယ် ဘန်းလမွတ်ကျေးရွာတွင် ဒရုန်းဖြင့်ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့် ဒေသခံအချို့ထံမှ သိရသည်။

ဒီဇင်ဘာ ၁၆ ရက် နံနက် ၈ နာရီဝန်းကျင်တွင် ဘန်းလမွတ်ကျေးရွာနှင့် ညောင်ပင်ကုန်းကျေးရွာကြားကို ရောက်လာသည့် စစ်ကောင်စီတပ်ယာဉ်တန်းကို ၆၀ မမ ဗုံးသီးနှစ်လုံးနှင့် ၄၀ မမ ဗုံးသီးတစ်လုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း ၎င်းတို့က ဆိုသည်။

ကား ၉ စီးတွင် အင်အား ၃၀၀ နီးပါးပါသည့် စစ်ကောင်စီတပ်ယာဉ်တန်းသည် မြိတ်မြို့အခြေစိုက် ခလရ -၁၀၁ တပ်ရင်းမှ မောတောင်မြို့ဘက်သို့သွားချိန် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်အချို့က ပြောသည်။

“ကျွန်တော်တို့ဘက်က သူတို့လမ်းမှာကြိုစောင့်ပြီး ဒရုန်းကိုလည်း ပျံထားတယ်။ သူတို့လာမှ ဗုံးသီးချလိုက်တာ။ ကားနားကိုတော့ကျသွားတယ် ထိခိုက်မှုလည်း ရှိနိုင်တယ်” ဟု တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

ထိုသို့ တိုက်ခိုက်ခံရပြီးနောက် လမ်းကင်းယူထားသည့်စစ်ကောင်စီတပ်သားများက လက်နက်ငယ်များဖြင့် ၁၀ မိနစ်ခန့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ဘန်းလမွတ်ဒေသခံတစ်ဦးနှင့် တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် တနင်္သာရီမြို့မှ ဇဝဲရွာအခြေစိုက် ခမရ (၅၅၆) တပ်ရင်းအထိ လမ်းတစ်လျှောက်တွင် အင်အား ၂၀၀ ဝန်းကျင်ဖြင့် လမ်းကင်းချထားသည်ကို တွေ့ရကြောင်း ဒေသခံအချို့နှင့် တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့ဝင်များကဆိုသည်။

အဆိုပါ ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခြင်းကို တောဗုံးကြီးတပ်ဖွဲ့၊ တနင်္သာရီ ပကဖ တနင်္သာရီရိုးမ ဇုန် (၃)တပ်ဖွဲ့နှင့် Dragon Squadတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။