ကျွန်းစုမြို့နယ်ရှိ ဒေသခံအချို့ကို သတ်ဖြတ်မည်ဟု ခြိမ်းခြောက်စာများ ပို့နေသည့် ဒေါင်းနက် (Black Peacock) အဖွဲ့ဝင် ၄ ဦးကို ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ဖမ်းဆီးလိုက်ကြောင်း ဒေသခံအချို့နှင့် ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ထံမှသိရသည်။
အဆိုပါ ဒေါင်းနက်အဖွဲ့သည် ကျွန်းစုမြို့နယ်အတွင်းရှိ လုပ်ငန်းရှင်အချို့နှင့် ကုန်သည်အချို့ကို သတ်ဖြတ်မည်ဆိုသည့် ခြိမ်းခြောက်စာများ ပေးပို့နေသည့်အဖွဲ့ဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။
(စစ်ခွေးလက်ပါးစေ သုတ်သင်ရေးအဖွဲ့) ဟု အမည်ပေးထားသည့် ဒေါင်းနက်အဖွဲ့ဝင် လေးဦးကို ကျွန်းစုမြို့နယ် ဘန္ဒနဲကျေးရွာအုပ်စု မုံချောင်းကြီးရွာတွင် လက်နက်များအတူ ဖမ်းဆီးရမိသည်ဟုသိရကြောင်း ကျွန်းစုမြို့နယ် အတွင်းနေထိုင်သည့် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
အဆိုပါအဖွဲ့ဝင်လေးဦးကို နံနက် ၁၁ နာရီဝန်းကျင်တွင် ဖမ်းဆီးခဲ့သည်ဟု ကြားရကြောင်း ၎င်းက ဆိုသည်။
“ဒေါင်းနက်အဖွဲ့ဆိုပြီး ကြားဖူးနေတာတော့ ကြာပြီ။ အဖွဲ့ဝင်သိပ်မများဘူးလို့တော့ ကြားတယ်”ဟု အဆိုပါဒေသခံက ပြောသည်။
ဒေါင်းနက်အဖွဲ့ဝင်များ ဖမ်းဆီးရမိခြင်းမှာ မှန်ကန်ကြောင်း ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က Dawei Watch ကို အတည်ပြုပြောဆိုသည်။
“ဖမ်းတာတော့ ဟုတ်တယ်ဗျ။ လောလောဆယ်တော့ ကျွန်တော်ပြောခွင့်မရသေးဘူး။ တာဝန်ခံလည်း ခရီးလွန်နေတယ်ဆိုတော့ သူလာမှပဲ အသေးစိတ်သိရပါမယ်”ဟု ကျွန်းစု ပကဖ၏ တရားဝင်လူမှုကွန်ရက် စာမျက်နှာမှတစ်ဆင့် ပြန်လည်ဖြေကြားခဲ့သည်။
အောက်တိုဘာလက ကျောက်ကုန်းကျေးရွာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနှင့် ရွှေဂဲညိုရွာသားတစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရပြီး ဒေါင်းနက်အဖွဲ့က လုပ်ဆောင်ခဲ့ခြင်းကြောင်း ဒေသခံအချို့က ပြောဆိုကြသော်လည်း Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။
“သူတို့(ဒေါင်းနက်) လုပ်ချင်ရာလုပ်နေကြတာ။ ဒီအဖွဲ့တွေမျိုးအများကြီးရှိတယ်။ များများဖမ်းပေးရမယ်။ သူတို့တွေကြောင့် တစ်ခြားကောင်းတဲ့ PDFအဖွဲ့ တွေ နာမည်ဖျက်ခံရတာ ပြည်သူတွေယုံကြည်မှု လျော့နည်းလာကြတာ”ဟု ကျွန်းစုမြို့နယ် ကော်ဇယာကျေးစုအုပ်စုနေ အမျိုးသားတစ်ဦးက ပြောသည်။
အဆိုပါဒေါင်းနက်အဖွဲ့က ကျွန်းစုဒေသနေ ကိုဝင်းနိုင်ဆိုသူကို သတ်ဖြတ်မည်ဟု ရေးသားထားသည့် ခြိမ်းခြောက်စာတစ်စောင်လည်း လူမှုကွန်ရက်ပေါ် ပျံ့နှံ့ခဲ့ဖူးသည်။
ယင်းအဖွဲ့မှာ ကျွန်းစုမြို့နယ်အတွင်းရှိ ပြည်သူအချို့ကို ခြိမ်းခြောက်စာပို့သည့်အပြင် ငွေကြေးတောင်းခံမှုများလည်းရှိကြောင်း ဒေသခံများက ပြောဆိုကြသည်။