လောင်းလုံးမြို့နယ်၊ အင်းဝန်းရွာသားတစ်ဦးသည် ဒီဇင်ဘာလ ၁၅ရက် ညနေပိုင်းတွင် ငါးဖမ်းသွားရာမှ ရေနစ်သေဆုံးကြောင်း ဒေသခံအချို့ထံမှ သိရသည်။
အသက် ၅၀ကျော်အရွယ် ဦးတင်လတ်သည် မင်းရပ်ကျေးရွာရှိ အင်းများအတွင်း ငါးဖမ်းစဉ် ရေထဲတွင် ကြွက်တက်ပြီး ရေနစ်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ရေထဲမှာ ကြွက်တက်တော့ လူလွန့်ပြီး သူ့ငါးပိုက်နဲ့ သူထုတ်ပြီးသေသွားတာ” ဟု ၎င်းက ဆိုသည်။
တစ်ဦးတည်း ငါးဖမ်းပိုက်ဖြင့် ဖမ်းဆီးနေစဉ် ကြွက်တက်ပြီး ရေနစ်နေသည်ကို ကယ်မည့်သူမရှိသဖြင့် သေဆုံးသွားခြင်းကြောင်း အထက်ပါဒေသခံက ပြောဆိုသည်။
အခြားငါးဖမ်းသမားများက အိမ်ပြန်မည့်အချိန်တွင် ဦးတင်လတ်ကို မတွေ့သဖြင့် လိုက်လံရှာဖွေရာ အင်းထဲတွင် သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း ဒေသခံတို့က ပြောသည်။
စစ်ကောင်စီတပ် လောင်းလုံးမြို့နယ် အောက်ဘက်ရှိကျေးရွာများကို စစ်ကြောင်းထိုးမှုကြောင့် မင်းရပ်အပါအဝင် အနီးဝန်းကျင် ကျေးရွာများက ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
ဒီဇင်ဘာလ ၁၄ရက်တွင် စစ်ကောင်စီ စစ်ကြောင်းထွက်သွားပြီးနောက် ဒေသခံများ ဥယျာဉ်ခြံအတွင်း ဝင်ရောက်ပြီး သွားငါးရှာဖွေကြကြောင်း ဒေသခံတို့ထံမှ သိရသည်။