BREAKING
January 22, 2025

ဘတ်ဖွင့်ပြီ သို့သော်…

December 16, 2024

ထိုင်းနိုင်ငံအတွင်းရောက်နေသည့် တရားမဝင်မြန်မာလုပ်သားများကို တရားဝင်အလုပ်လုပ်ခွင့် အထောက်အထား (ပန်းရောင်ကတ်-ဘတ်) လုပ်ပေးမည်ဟု ထိုင်းအစိုးရက ကြေညာလိုက်သည်။

အထောက်အထားမဲ့ မြန်မာလုပ်သားများအနေဖြင့် ဒီဇင်ဘာလ ၁၆ ရက်မှစကာ ၃၀ ရက်နေ့အထိ အမည်စာရင်း(Name List)တင်သွင်းရမည်ဖြစ်ကြောင်း ထုတ်ပြန်လိုက်သည်။

ထိုသို့ အမည်စာရင်းတင်သွင်းပြီးပါက အချိန်ဇယားအလိုက် လုပ်ဆောင်ရမည့်အဆင့်ဆင့်ကိုလည်းဖော်ပြထားသည်။

မြန်မာအပါအဝင် လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နိုင်ငံ ရွှေ့ပြောင်းလုပ်သားများကို တရားဝင်အထောက်အထားလုပ်ခွင့်ပေး မည်ဟု သတင်းထွက်ကတည်းက ဝန်ဆောင်မှုပေးသည့် ပွဲစားများက ကျသင့်မည့်ဈေးနှုန်းအမျိုးမျိုးသတ်မှတ်ကာ အပြိုင်အဆိုင် ကြော်ငြာထားကြသည်။

ယာယီနေထိုင် အလုပ်လုပ်ခွင့်လက်မှတ် လုပ်ငန်းစဉ်အားလုံးအတွက် ဘတ်တစ်သောင်းခွဲဝန်းကျင်မှ ဘတ်ခုနစ်ထောင်အထိ အမျိုးမျိုးကြော်ငြာထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲနှင့် အဓမ္မစစ်မှုထမ်းစနစ်ကြောင့် နိုင်ငံသားအများအပြား အိမ်နီးချင်းထိုင်းနိုင်ငံကို အလုံးအရင်းထွက်ပြေးတိမ်းရှောင်လာကြသည်။

ကုလသမဂ္ဂ ရွှေ့ပြောင်းလုပ်သားဆိုင်ရာနိုင်ငံတကာအဖွဲ့ (IOM) ၏ ခန့်မှန်းချက်အရ ထိုင်းတွင် မြန်မာလုပ်သား ၅ဒသမ၂ သန်းခန့်( ၅၂ သိန်း)ရှိနေပြီး တရားဝင်လုပ်ကိုင်နေသူရော တရားမဝင်လုပ်ကိုင်သူများပါ ပါဝင်သည်။

ထိုင်းနိုင်ငံအတွင်း တရားမဝင်ရောက်ရှိနေထိုင်သည့် မြန်မာနိုင်ငံသား ၃ သန်း(သိန်း၃၀)ဝန်းကျင်ရှိနိုင်ကြောင်း မြန်မာရွှေ့ပြောင်းလုပ်သားအရေး ကူညီပေးနေသည့် အလုပ်သမားအဖွဲ့အစည်းများက ခန့်မှန်းထားသည်။

ထိုကြောင့်လည်း ထိုင်းအစိုးရက တရားဝင်အထောက်အထားလုပ်ပေးမည်ဟု ထုတ်ပြန်လိုက်ချိန်တွင် ပွဲစားများက ဈေးနှုန်းအမျိုးမျိုးသတ်မှတ်ကာ အပြိုင်အဆိုင်ကြော်ငြာပြီး ဘတ်လုပ်မည့်သူများကို ခေါ်ယူလာကြသည်။

ထိုကဲ့သို့ အခင်းအကျင်းတွင် ဈေးပေါပေါဖြင့် တရားဝင်အထောက်အထားလုပ်ပေးမည်ဟု ယုံကြည်အောင်ပြောဆိုပြီး လိမ်လည်သွားသူအချို့ရှိနေသလို ထိုင်းအစိုးရသတ်မှတ်ဈေးထက် အဆပေါင်းများစွာ ပိုယူသည့် ပွဲစားများလည်း ရှိနေသည်။

ထိုင်းအစိုးရက ဘတ်လုပ်ခွင့်ပြုလိုက်ပြီဖြစ်၍ အထောက်အထားမဲ့ မြန်မာနိုင်ငံသားများအတွက် ဝမ်းသာစရာဖြစ်သော်လည်း အခြားတစ်ဖက်တွင် အခက်အခဲမျိုးစုံ ကြုံတွေ့နေကြရသည်။

ယင်းကြောင့် ဘတ်လျှောက်ရေး မည်သည့်အခြေအနေဖြင့် ရင်ဆိုင်နေရသည်ကို မြန်မာရွှေ့ပြောင်းလုပ်သားများနှင့် ရွှေ့ပြောင်းလုပ်သားအရေး လုပ်ဆောင်နေသူများကို မေးမြန်း၍ ယခုအပတ်တနင်္သာရီပုံရိပ်အစီအစဉ်တွင် တင်ဆက်လိုက်ပါသည်။

“ဘယ်လိုပုံစံနဲ့ လိမ်ပြီး ဘယ်လိုပုံစံနဲ့ ရှောင်သွားမလဲဆိုတာ သူ့(လူလိမ်ပွဲစား)မှာအစီအစဉ်ရှိပြီးသား”

ကိုဇော်၊ စည်းရုံးရေးတာဝန်ခံ

ထိုင်းနိုင်ငံ မဟာချိုင်အခြေစိုက် Labour Rights Foundation

DW ။ ပန်းရောင်ဘတ်ဖွင့်တော့မယ်ဆိုတော့ အလိမ်မခံရအောင် မြန်မာအလုပ်သမားတွေ ဘာတွေ ကြိုတင်သတိထားရမလဲ။

ဖြေ ။ အလိမ်မခံရအောင်ဆိုရင် အဓိက အေဂျင်စီတွေကနေ ဖြတ်ရတော့ ယုံကြည်စိတ်ချရတဲ့ ပွဲစား၊ အေဂျင်စီတွေ၊ ရုံးတွေရှိတဲ့ အေဂျင်စီတွေ ပွဲစားတွေကနေပဲ ဆက်သွယ်ပြီး လုပ်စေချင်တယ်။ အဲဒါဆိုရင်တော့ မှတ်တမ်းကျန်မယ်လေ။ ရုံးတွေဘာတွေ သွားလို့ရတယ်။ ဥပမာ အွန်လိုင်းကနေ (Name List) အမည်စာရင်းကို တွေ့တဲ့သူဆီမှာ လိုက်တင်တယ်ဆိုရင် ဒါတွေ (မှတ်တမ်း) မရဘူးပေါ့။ တစ်ကယ်လို့ စာရွက်စာတမ်းမရဘူး မသေချာဘူးဆိုရင် ဘယ်နေရာမှာမှ လိုက်ရှာလို့ ရမှာမဟုတ်ဘူးလေ။

DW ။ ပွဲစားတွေက မြန်မာအလုပ်သမားတွေကို ဘယ်လို လိမ်လည်နည်းတွေ သုံးလေ့ရှိလဲ။

ဖြေ ။ လိမ်တာကကျတော့ အလုပ်သမားတွေကို စာရွက်တင်ပေးမယ်ဆိုပြီးတော့ ပိုက်ဆံတွေ အရင်ကောက်ထားတယ်။ ကောက်ထားပြီးတဲ့အခါကျတော့ တစ်ကယ်လည်း စာရွက် (Name List) တွေထွက်မလာဘူး။ လူလည်း ပြန်ရှာမတွေ့ဘူး။ ဒီလိုမျိုး နှစ်ပေါက်တစ်ပေါက် ရိုက်သွားပြီး လိမ်သွားတာတွေ ပျောက်သွားတာမျိုးတွေပေါ့။ အဓိက လိမ်တဲ့သူကတော့ လိမ်ပြီးသားပဲ။ အလုပ်သမားတွေကို ဘယ်လိုပုံစံနဲ့ လိမ်ပြီး ဘယ်လိုပုံစံနဲ့ ရှောင်သွားမလဲဆိုတာ သူ့မှာ အစီအစဉ်ရှိပြီးသား။

DW ။ ပန်းရောင်ဘတ်အတွက် ကုန်ကျစရိတ်က အစိုးရဈေးနဲ့ ပြင်ပပေါက်ဈေးအခြေအနေ ဘယ်လိုရှိလဲ။

ဖြေ ။ ဘတ်အသစ်တင်မယ်ဆိုရင် အစိုးရရဲ့ ကုန်ကျစရိတ်ကတော့ Work Permit (အလုပ်လုပ်ခွင့်လက်မှတ်) ခအတွက် ၁၀၀၀ ပေးရမယ်။ ဆေးစစ်ခအတွက် (ဘတ်) ၆၀၀ ပေးရမယ်။ ကျန်းမာရေးအာမခံကတ်က တစ်နှစ်စာဆိုရင် ၁၆၀၀ ပေးရမယ်။ ပန်းရောင်ကတ်အတွက်က ၈၀။ စုစုပေါင်းဆိုရင် ဘတ် ၃၂၈၀ ဝန်းကျင် ကုန်ကျမယ်ပေါ့နော်။ ဒါက သူဌေးရှိတဲ့ ပုဂ္ဂိုလ်တွေအတွက်။ သူဌေးကနေ တကူးတကလိုက်လုပ်ပေးတဲ့ သူတွေအတွက်ပေါ့။ တကယ်လို့ အေဂျင်စီတွေ ခံမယ်ဆိုရင် ဝန်ဆောင်ခတော့ ယူဦးမှာပဲ။ ဝန်ဆောင်ခ ၁၀၀၀ ယူမယ် ကြားထဲမှာ ပွဲစားတွေက တစ်ဆင့်ခံ တစ်ဆင့်ခံဆိုရင် တစ်ယောက်ကို ၅၀၀၊ ၅၀၀ နဲ့ စားသွားလိုက်ရင် အလုပ်သမားတွေက ပိုကုန်ကျစရိတ် များသွားမှာပေါ့။ ခန့်မှန်းထားတာတော့ ဒီဝန်ဆောင်ခတွေ အကုန်လုံး အပြီးဆိုရင် ၅၅၀၀ နဲ့ ၆၀၀၀ ထက် မပိုနိုင်ဘူးပေါ့။ ဒါတွေက နိုင်ငံတော်အဆင့် ပေးရတဲ့ ဈေးနှုန်းတွေပေါ့နော်။ ဈေးနှုန်းဆိုတဲ့အခါမှာ ကျွန်တော်တို့ မြန်မာလူမျိုးတွေကပဲ မြန်မာလူမျိုးတွေအပေါ်မှာ ပိုပြီးတော့ ခေါင်းပုံဖြတ် အမြတ်ကြီးစားတာပေါ့‌လေ။ ဒီပြဿနာက ပိုများသွားတာပေါ့။ ပွဲစားတွေက ကိုယ်တိုင်လည်း မလုပ်ပေးဘူး။ အခြားကနေ (တစ်ဆင့်) ခံထားတာ။ ဒီအတွက်လည်း ၅၀၀ ယူထားတယ်။ နောက်တစ်ယောက်ကလည်း ၅၀၀ စားထားတယ်။ အဲလိုနဲ့ တစ်ဆင့်ခံ တစ်ဆင့်ခံ သွားသွင်းတဲ့အခါကျတော့ နှုန်းထားတွေ ကုန်ကျစရိတ်တွေ ပိုများလာတာပေါ့။ တရားဝင် မှတ်ပုံတင်ထားတဲ့ ရုံးခန်းတွေမှာ ကိုယ်တိုင်သွားလုပ်မယ်ဆိုရင်တော့ ဝန်ဆောင်ခတွေက လျော့သွားမှာပေါ့နော်။

DW ။ ပန်းရောင်ဘတ်ကို ပြီးစီးအောင်လုပ်ဖို့ ဘယ်လိုအဆင့်တွေကို ကျော်ဖြတ်ရမလဲ။ အချိန်အားဖြင့် ဘယ်လောက် ကြာနိုင်လဲ။

ဖြေ ။ ပန်းရောင်ဘတ်တင်မယ်ဆိုရင် ဒီဇင်ဘာလ ၁၆ ရက်နေ့ကနေ ၃၀ ရက်နေ့အထိကို အွန်လိုင်းကနေ အမည်စာရင်းတင်ရမယ်ပေါ့နော်။ မတ်လ ၃၀ အတွင်းက ကျန်းမာရေး စစ်ဆေးရမယ်။ ကျန်းမာရေးအာမခံကတ် ၁ နှစ်စာ ဝယ်ထားရမယ်။ ဒါကို ကျန်းမာရေးစစ်ဆေးတာနဲ့ တစ်ပြိုင်တည်း လုပ်ထားရမယ်။ ဒီအတွင်းမှာပဲ work permit ကို တစ်ခါတည်း လျှောက်ထားရမယ်။ work permit လျှောက်ထားလို့ work permit စာရွက် ထွက်လာပြီဆိုရင် ဇွန်လ ၂၈ ရက်နေ့အတွင်းမှာ လက်ဗွေသွားနှိပ်ထားပေးရမယ်။ အချက်အလက်သွားသွင်းရမယ်။ ပြီးတော့ မြို့နယ်ရုံးမှာ ပန်းရောင်ကတ်ထုတ်မယ်ဆိုရင် ၂၀၂၆ မတ်လ ၃၁ ရက်နေ့အတွင်းမှာ ပန်းရောင်ကတ် ထုတ်ထားပြီးသား ဖြစ်ရမယ်။ ပန်းရောင်ကတ်အတွက် အချိန် အများကြီး ပေးထားတယ်။ လက်ဗွေနှိပ်ပြီးသား စာရွက်ကိုမှ ပန်းရောင်ကတ် ထုတ်ပေးတာဆိုတော့လေ။ တစ်ကယ်လို့ လဝကရုံးမှာ အမည်စာရင်းသွင်းတဲ့အချိန် နိုင်ငံကူးလက်မှတ်တွေ (မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်) CI စာအုပ်တွေ ရှိပြီးသားဆိုရင် ဗီဇာတုံး တစ်ခါတည်း ထုပေးမယ့် အနေအထားရှိတယ်။ ဗီဇာထုခအတွက် ၅၀၀ ဘတ် တစ်ခါတည်း ကုန်သွားမှာပေါ့။

DW ။ ပန်းရောင်ဘတ်မရခင်ကာလ မြန်မာအလုပ်သမားတွေ ဖမ်းဆီးခံရနိုင်သေးလား။ ဘယ်လို နေထိုင်ဆင်ခြင်သင့်လဲ။

ဖြေ ။ ပြောရမယ်ဆိုရင် ကိုယ် Name List (အမည်စာရင်း) တင်ထားတဲ့ ပွဲစားအချက်အလက်ကို ယူထားရမယ်ပေါ့နော်။ ကျွန်တော် Name List တင်ထားပြီးပြီး။ စာရွက်က ထွက်မလာသေးဘူးလို့ ပြောလို့ရတာပေါ့။ Name List ထွက်လာပြီဆိုရင်တော့ ဒီ Name List ကို ကိုင်ထားရင် ရပြီ။ ဒါပေမဲ့လည်း ထိုင်းဥပဒေအရ အွန်လိုင်းစနစ်က တစ်ခါတစ်လေ ပျက်စီးတတ်တယ်။ Name List နာမည်စာရင်းတွေလည်း မှားတတ်တယ်။ အဲဒီအခါ ဂရုစိုက်ဖို့ လိုတာပေါ့။

DW ။ အခြား ဘာဖြည့်စွက်ပြောပြချင်လဲ။

ဖြေ ။ အစိုးရဈေးကတော့ ဒီလောက်ရှိတယ်။ အပြင်မှာ ကုန်ကျစရိတ် ကြီးကြီးမားမားတောင်းနေတယ်ဆိုရင် ကိုယ့်ဘာသာကိုယ် ဆင်ခြင်ပြီးတော့ သက်သာတဲ့ ဝန်ဆောင်ပေးတဲ့ နေရာတွေကို ရှာဖွေဖို့ပေါ့နော်။ စနစ်တကျ ရုံးနဲ့ ဖွင့်နေတဲ့ ပုဂ္ဂိုလ်တွေဆီမှာ သွားပြီးတော့ လုပ်ကြဖို့ပေါ့။ ဥပမာ အိမ်ခန်းနဲ့ လုပ်နေတဲ့သူဆိုရင် အိမ်ခန်းပိတ်ပြီးသွားလိုက်ရင် ဘာမှ လုပ်လို့ မရတော့ဘူး။ မှတ်ပုံတင်ထားတဲ့ ရုံးခန်းတွေဆိုရင် ဓါတ်ပုံနဲ့တကွ သက်သေအထောက်အထားယူထားတဲ့အခါကျရင် တစ်နေ့ကျရင် ပြဿနာတစ်စုံတစ်ရာဖြစ်လာရင် အစိုးရဌာနဆီမှာ သွားပြီးတော့ တိုင်ချက်ဖွင့်လို့ရတယ်။

“သူဌေးက သူကိုယ်တိုင် လုပ်ပေးမယ်ပြောနေတယ်။ဘယ်‌လောက်ကျမလဲ မေးကြည့်တော့ တစ်သောင်းလေးထောင် လောက်ကျမယ်ပြောတယ်”

ဖူးခက်မြို့မှ အသက် ၂၆ နှစ်အရွယ် လူငယ်တစ်ဦး

DW ။ ထိုင်းရောက်တာ ဘယ်လောက်ကြာပြီလဲ။ အခုလက်ရှိဘာအလုပ်လုပ်နေလဲ။ဝင်ငွေက ဘယ်လောက်ရလဲ။

ဖြေ ။ ဒီနှစ် နှစ်လပိုင်းတုန်းကရောက်ပါတယ်။အခုက ဆိပ်ကမ်းတစ်ခုမှာခရီးသွားတွေရဲ့အိတ်တွေကို လှေထဲသယ်ပေးရတဲ့ အလုပ်လုပ်နေတာပါ။တစ်ရက်ကို ဆယ်နာရီလောက်လုပ်ရပြီး ဘတ်သုံးရာငါးဆယ်ရတယ်။

DW ။ အစ်ကိုတို့ရဲ့ ဝန်းကျင်မှာ လက်ရှိဘတ်ရိုက်ဖို့ဆိုပြီး ဘယ်လောက်တောင်းနေလဲ။

ဖြေ ။ လိုင်းပေါ်မှာမြင်နေရတာတော့ ဈေးနှုန်းအမျိုးမျိုးပဲဗျ။ ဘတ်တစ်‌သောင်းငါးထောင်အထိ ကောက်ခံထားတဲ့သူတွေ ရှိတယ်။ အစိုးရကထုတ်ပြန်တဲ့ဈေးနှုန်းက နည်းနည်းပဲ။ဒါ‌ပေမဲ့ ကိုယ်တိုင်သွားလုပ်လို့မှမရတာလေ။ အဓိက က ကိုယ်ယုံကြည်ရတဲ့သူနဲ့ လုပ်ရမယ်။ ဈေးနည်းပြီးလိမ်သွားရင်လည်း ကိုယ်ပဲဆုံးရှုံးရမှာ။

DW ။ ဒီလိုတောင်းနေတော့ ဘာဆက်လုပ်ဖို့ စဉ်းစားထားလဲ။

ဖြေ ။ ကျွန်တော်တို့မှာက ပိုခက်ခဲသေးတာ။ အပြင်မှာ ပွဲစားအသိရှိတယ်။ တစ်ယောက်ကို ၉၀၀၀ဝန်းကျင်လောက် ကျမယ်‌ပြောတယ်။ဒါပေမဲ့သူဌေးက သူကိုယ်တိုင် လုပ်ပေးမယ်ပြောနေတယ်။ဘယ်‌လောက်ကျမလဲ မေးကြည့်တော့ တစ်သောင်းလေးထောင်လောက် ကျမယ်ပြောတယ်။ ဘာဆက်လုပ်ရမလဲတောင်မသိတော့ဘူး။

DW ။ အဲလိုဈေးများနေတဲ့အပေါ်မှာရော ဘာပြောချင်လဲ။

ဖြေ ။ ကိုယ်တိုင်လုပ်လို့မရတော့ တတ်နိုင်သလောက် မှန်ကန်အောင်ရွေးချယ်ရမှာပေါ့။ တတ်နိုင်သလောက်ပွဲစားတွေ ကလည်း ကိုယ့်မြန်မာအချင်းချင်း ဖေးမကူညီသင့်တယ်။ အကုန်ခက်ခဲနေကြတာဆိုတော့လေ။

DW ။ အခုဆိုရင် ဘတ်ရိုက်ပေးမယ်လို့ ထုတ်ပြန်ထားပြီးတဲ့အချိန်မှာ အာဏာပိုင်တွေရဲ့ ဖမ်းဆီးမှုအခြေအနေကရော ဘယ်လိုရှိနေလဲ။

ဖြေ ။ ဖမ်းဆီးတာတော့ နည်းနည်းကျဲသွားတယ်ပြောရမယ်။ ဒါပေမဲ့အထောက်အထားမရှိသူတွေက ဘယ်မှသွားလို့ မရဘူးလေ။ ကျွန်တော်တို့လည်း အလုပ်နဲ့အိမ်နဲ့ပဲ သွားတာပါ။ အပြင်ထွက်တာမျိုး အလုပ်ထဲလာစစ်တာမျိုး ဆိုရင်တော့ မိမှာပေါ့။

DW ။ ဘာကြောင့် ဒီလိုဖမ်းဆီးနေတယ်လို့ထင်လဲ။ ဒီအပေါ်မှာရော ဘာပြောချင်လဲ။

ဖြေ ။ သူတို့ကတော့ သူတို့တာဝန်အရဖမ်းမှာပဲ။ မိရင်‌ တောင်းသ‌လောက်ပေးရမှာပါ။ တရားမဝင်ရောက်နေတဲ့ မြန်မာကလည်းတော်တော်များတယ်။

DW ။ ဘတ်အသစ်ရိုက်ပေးမယ့် အခြေအနေနဲ့ ပတ်သက်ပြီး အခြားဘာများဖြည့်စွက်ပြောချင်လဲ။

ဖြေ ။ ဒီလ ၁၆ရက်နေ့လို့အသံကြားတယ်။ အမှန်ဖြစ်တော့မယ်လို့ထင်တယ်။ ဒါမှအကုန်စိတ်အေးလက်အေး အလုပ်လုပ်လို့ရမှာပါ။

“ငွေလိုရင် မြန်မာတွေရှိနိုင်မယ့်နေရာတွေ အနီးအနားကို ပတ်နေတာပါ။တွေ့ရင် ရစ်မယ်။ ဖမ်းမယ်။ငွေညစ်မယ်”

ထိုင်းတောင်ပိုင်း ကော့စမွေ့ကျွန်းမှ အသက်‌ ၃၃ နှစ်အရွယ် လူငယ်တစ်ဦး

DW ။ ထိုင်းရောက်တာ ဘယ်လောက်ကြာပြီလဲ။ အခုလက်ရှိဘာအလုပ်လုပ်နေလဲ။ဝင်ငွေက ဘယ်လောက်ရလဲ။

ဖြေ ။‌ ကျွန်တော်ရောက်နေတာ၂၀၂၄ခုနှစ် လေးလပိုင်းကတည်းကပါ။ အခုဟိုတယ်တစ်ခုရဲ့ ပြုပြင်ထိန်းသိမ်းရေး အဖွဲ့တစ်ခုမှာ နေ့စားဝင်လုပ်နေပါတယ်။တစ်ရက် ဘတ်ငါးရာရတယ်။ နေ့တိုင်းတော့အလုပ်မရှိပါဘူး။ လာတုန်းကဆို တစ်လကျော်လောက် အလုပ်မရှိဘဲ ထိုင်စားနေရတယ်။

DW ။ အစ်ကိုတို့ရဲ့ ဝန်းကျင်မှာ လက်ရှိဘတ်ရိုက်ဖို့ဆိုပြီး ဘယ်လောက်တောင်းနေလဲ။

ဖြေ ။ ကျွန်တော့်မှာက ရောက်ကတည်းက ပွဲစားဆီတင်ထားတယ် ။စရံဘတ်သုံးထောင်ပေးထားရတယ်။အရင်ကတော့ ဘတ်တစ်သောင်းသုံးထောင်လောက် ကုန်မယ်လို့ ပွဲစားကပြောထားတယ်။ မနှစ်ကလည်းဒီ‌လောက် ကျတယ်တဲ့။ ဘယ်လိုလာမယ်တော့ မသိဘူးပေါ့။ အခုတော်တော်များများက ဘတ်ဖိုးထက် ဖွင့်ဖို့ကိုတောင့်တနေကြတာပါ။ ဘယ်နေ့ဖွင့်မလဲ အတိအကျမသိရတော့လေ။ ဈေးနှုန်းကတော့ တစ်နေရာနဲ့တစ်နေရာမတူဘူးတော့ အသံကြားတယ်ဗျ။ ကျွန်တော်တို့ရောက်နေတာက ကျွန်းဆိုတော့ တခြားမြို့‌တွေထက်ပိုဈေးကြီးတယ်လို့တော့ ပြော‌နေကြတာပါ ။ ဘတ်ဖွင့်ခါနီးပြီလို့အသံကြားလေ ပွဲစားတွေကတော့မှိုလိုပေါက်‌လေပဲ။ တစ်ယောက်နဲ့တစ်ယောက်တော့ ဈေးမတူကြဘူးခင်ဗျ။ ဘတ် တစ်သောင်း‌ကျော်နေတဲ့ ပွဲစားလည်းရှိတယ်။ ဘတ်တစ်သောင်းအောက် ပွဲစားလည်းရှိတယ်။ တစ်ယောက်ကိုဈေးတစ်မျိုးစီပဲ။ ဘယ်ဟာကအမှန်လဲတောင်မသိဘူး။

DW ။ ဒီလိုတောင်းနေတော့ ဘာဆက်လုပ်ဖို့ စဉ်းစားထားလဲ။

ဖြေ ။ ကျွန်တော်တို့ကဘာဆက်လုပ်လို့ရမလဲ။ စရံကပေးထားရပြီးပြီလေ။ သူနဲ့မလုပ်ရင်လည်းစရံကပြန်မပေးဘူးဗျ။ စရံမတင်သေးတဲ့လူတွေကတော့ သေသေချာချာလေး ရွေးချယ်လို့ရတာပေါ့။

DW ။ အဲလိုဈေးများနေတဲ့အပေါ်မှာရော ဘာပြောချင်လဲ။

ဖြေ ။ ဈေးများတာ နည်းတာကတော့ပွဲစားနဲ့ပဲဆိုင်ပါတယ်။ တစ်ချို့ပွဲစားတွေဆို အလွန်ဆုံးဘတ်တစ်သောင်း ဝန်းကျင်လောက်ပဲ။ တစ်ချိုဆို အသံကြားရတာ ဘတ်တစ်သောင်းရှစ်ထောင်အထိလို့တောင် ကြားရတယ်။ ဈေးလေးတွေတတ်နိုင်သမျှလေး မှန်မှန်ကန်ကန်လေး လုပ်ပေး‌စေချင်ပါတယ်။

DW ။ အခုဆိုရင် ဘတ်ရိုက်ပေးမယ်လို့ ထုတ်ပြန်ထားပြီးတဲ့အချိန်မှာ အာဏာပိုင်တွေရဲ့ ဖမ်းဆီးမှုအခြေအနေကရော ဘယ်လိုရှိနေလဲ။

ဖြေ ။ မဖမ်းတော့ဘူးလို့ စာထုတ်ထားတယ်တော့သိရတယ်။ ဒါပေမဲ့ ဖမ်းမိသွားရင်လည်း ပေးခဲ့ရတာပဲဗျ။ ဖမ်းဆီးတာတော့ ဘတ်ဖွင့်ရင်တောင်ရှိနေအုံးမှာပဲ။ ထိုင်းရဲတွေကမြန်မာဆိုရင် သူတို့တစ်နည်းနည်းနဲ့စစ်ရင် မိတယ်ဆိုတာသိနေပြီလေ။ အခန်းတွေထဲအထိတော့ မဖမ်းတော့ဘူးလို့ အသံကြားတယ်။ ဒါပေမဲ့ အလုပ်လုပ်နေတဲ့နေရာတွေ အသွားအလာလမ်းတွေမှာ စစ်ပြီးဖမ်းနေတာပဲဗျ။

DW ။ ဘာကြောင့် ဒီလိုဖမ်းဆီးနေတယ်လို့ထင်လဲ။ဒီအပေါ်မှာရော ဘာပြောချင်လဲ။

ဖြေ ။ ထိုင်းရဲတွေတိုင်းလည်း လူကောင်းတွေမဟုတ်ဘူးဗျ။ သူတို့က ငွေလိုရင် မြန်မာတွေရှိနိုင်မယ့်နေရာတွေ အနီးအနားကို ပတ်နေတာပါ။ တွေ့ရင် ရစ်မယ်။ ဖမ်းမယ်။ငွေညစ်မယ်။ ကိုယ်တွေက အခုအချိန်မှာ အတတ်နိုင်ဆုံးသူတို့နဲ့ မတွေ့အောင်ရှောင်နေရတယ်။

DW ။ ဘတ်အသစ်ရိုက်ပေးမယ့် အခြေအနေနဲ့ ပတ်သက်ပြီး အခြားဘာများဖြည့်စွက်ပြောချင်လဲ။

ဖြေ ။ သတင်းကတော့ထွက်နေပေမဲ့ လုပ်ပေးမှသာ အမှန်လို့ပြောမှရမယ်။ မြန်မြန်လုပ်ပေးပါစေလို့ပဲ တစ်နေ့တစ်နေ့ ဆုတောင်းနေရတယ်။

“သူတို့ရဲ့ပါးစပ်ဈေးအတိုင်းပေးရမှာပါပဲ… မတတ်နိုင်ရင် ချေးငှားပြီးပေးကြရပါတယ်”

ဘန်ကောက်မြို့မှ အသက် ၁၈ နှစ်အရွယ် သရက်ချောင်းဒေသခံအမျိုးသမီး

DW ။ ထိုင်းရောက်တာဘယ်လောက်ကြာပြီလဲ။ အခုလက်ရှိဘာအလုပ်လုပ်နေလဲ။ဝင်ငွေကဘယ်လောက်ရလဲ။

ဖြေ ။ ထိုင်းရောက်တာ ၆လကျော်ကျော်လောက်ရှိပါပြီ။ အခုလက်ရှိလုပ်နေရတာကတော့ အိမ်အကူအလုပ်လုပ်နေပါတယ်။ ဝင်ငွေကတော့ ဘတ်တစ်သောင်းလောက် ရပါတယ်။

DW ။ ညီမရဲ့ဝန်းကျင်မှာ လက်ရှိဘတ်ရိုက်ဖို့အတွက်ဆိုပြီး ဘယ်လောက်တောင်းနေသလဲ။

ဖြေ ။ တစ်ချို့ပြောရတာကြားတာကတော့ ဘတ်တစ်သောင်းခွဲ နှစ်သောင်းလောက် ပြောသံကြားပါတယ်။ အခြေအနေတွေကတော့ ဘာမှန်းမသိသေးတော့ မသေချာသေးပါဘူး။ အခုမှလူသစ်ဆိုတော့ အဲထက်လည်း များနိုင်တယ်လို့ကြားပါတယ်။

DW ။ ဒီလိုတောင်းနေတော့ ဘာဆက်လုပ်ဖို့စဉ်းစားထားလဲ။

ဖြေ ။ သူများရဲ့နိုင်ငံမှာဆိုတော့ သူတို့ရဲ့ပါးစပ်ဈေးအတိုင်းပေးရမှာပါပဲ။ မတတ်နိုင်ရင် ချေးငှားပြီးပေးကြရပါတယ်။ ဒီနိုင်ငံမှာကြာကြာနေဖို့အတွက် သူတို့ပြောတဲ့အတိုင်းလုပ်ရမှာပါ။

DW ။ အဲလိုဈေးများနေတဲ့အပေါ်မှာရော ဘာပြောချင်လဲ။

ဖြေ ။ မရှိလို့လာလုပ်စားတဲ့သူတွေအတွက် တအားကိုအခက်အခဲဖြစ်ပါတယ်။ အကြွေးပေါ်အကြွေးဆင့်နေကြပြီ။ ဒီတောထဲက တော်တော်နဲ့ရုန်းထွက်လို့မရကြတော့ပါဘူး။ တစ်နှစ်ပြီးတစ်နှစ် လုပ်စားတာ အရာမရောက်ဘဲ ပိုက်ဆံတွေက သူတို့ကိုပေးနေရသလိုဖြစ်ပါတယ်။

DW ။ အခုဆိုရင် ဘတ်ရိုက်ပေးမယ်လို့ ထုတ်ပြန်ထားပြီးအချိန်မှာ အာဏာပိုင်တွေရဲ့ဖမ်းဆီးမှု အခြေနေကရောဘယ်လိုရှိနေလဲ။

ဖြေ ။ တစ်ချို့သတင်းတွေမှာကတော့ ဒီတစ်လအဖမ်းဆီးတွေ မရှိဘူးလို့ကြားပါတယ်။ ဒါပေမဲ့တချို့နေရာတွေမှာကျ ဖမ်းပြီးတော့ ငွေညှစ်တာမျိုးတွေလည်း ရှိတယ်လို့သိရပါတယ်။ ဘယ်လောက်မဖမ်းဘူးပြောပြော သူတို့ရဲ့သဘောအတိုင်းပါပဲ။ သူတို့ဖမ်းချင်ရင် အကုန်ပြည့်စုံတဲ့သူကိုလည်း ဖမ်းပါတယ်။

DW ။ ဘာကြောင့်ဒီလိုဖမ်းဆီးတယ်လို့ထင်လဲ။ ဒီအပေါ်မှာရောဘာပြောချင်လဲ။

ဖြေ ။ တရားမဝင်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ဖမ်းကြတာပေါ့။ အဓိကက ရှင်းရှင်းနဲ့ရိုင်းရိုင်းပြောရရင် ငွေညှစ်တာပေါ့။ သူတို့ရဲ့ကြားပေါက်ရှာသလိုဖြစ်နေတာပါ။ ဒုက္ခရောက်နေတဲ့သူတွေကို အခွင့်ကောင်းယူပြီး သူတို့ရဲ့စားပေါက်ရှာနေတာပေါ့။ ဥပဒေနည်းအရတော့ မှန်ပေမယ့်သူတို့ရဲ့လိုအင်တွေပိုများပါတယ်။

DW ။ ကျေးဇူးတင်ပါတယ်။

“ဈေးလျော့တဲ့သူတွေနဲ့ သွားလုပ်မယ်ဆိုပြန်တော့လည်း မသေချာပဲနဲ့ဖြစ်သွားမှာလည်းစိုးတယ်”

ဘန်ကောက်မြို့မှ အသက် ၂၆ နှစ်အရွယ် ထားဝယ်ဒေသခံ အမျိုးသား

DW ။ ထိုင်းရောက်တာ ဘယ်လောက်ကြာပြီလဲ။ အခုလက်ရှိဘာအလုပ်လုပ်နေလဲ။ ဝင်ငွေကဘယ်လောက်ရလဲ။

ဖြေ ။ ထိုင်းရောက်တာ ၈ လလောက်ရှိပါပြီ။ အခုလက်ရှိလုပ်နေရတာကတော့ စားသောက်ဆိုင်မှာ စားပွဲထိုး အလုပ်လုပ်နေပါတယ်။ ဝင်ငွေကတော့ အနေအစား အပြီး ဘတ် ၉၅၀၀ လောက်ရပါတယ်။

DW ။ အစ်ကိုရဲ့ဝန်းကျင်မှာ လက်ရှိဘတ်ရိုက်ဖို့အတွက်ဆိုပြီး ဘယ်လောက်တောင်းနေသလဲ။

ဖြေ ။ အခုလောလာဆယ်တော့ အတည်တော့မဖြစ်သေးပါဘူး။ ကျွန်တော်နဲ့ ချိတ်ထားတဲ့သူမှာပေါ့။ ဒါပေမဲ့ ကြားတာကတော့ ဘတ် ၉,၅၀၀ နဲ့ ၁၂,၀၀၀ ဝန်းကျင်လောက်တော့ ကြားနေရပါတယ်။

DW ။ အဲလိုဈေးများနေတဲ့အပေါ်မှာရော ဘာပြောချင်လဲ။

ဖြေ ။ ဈေးများနေတဲ့အပေါ်မှာတော့ ကျွန်တော်လည်းသိပါတယ်။ ရုံးကနေ ဘယ်လောက်ထုတ်တယ်ဆိုပြီးတော့ပေါ့နော်။

ကျွန်တော်အနေနဲ့ ပြောရမယ်ဆိုရင် သူတို့(ပွဲစား) ပြောတဲ့ဈေးနှုန်းသွားဖြစ်နေတာပေါ့နော်။ ကျွန်တော်အနေနဲ့လည်း ဈေးများတယ် မလုပ်ဘူးလို့ ပြောတယ်ဆိုရင်လည်း ကိုယ်လုပ်လို့မရတဲ့အနေထားမှာပဲရှိတယ်။ ကိုယ်တွေလည်း ဘေးကျပ်နံကျပ်ပေါ့နော်။ ဈေးလျော့တဲ့သူတွေနဲ့ သွားလုပ်မယ်ဆိုပြန်တော့လည်း မသေချာပဲနဲ့ဖြစ်သွားမှာလည်းစိုးတယ်။ ကိုယ်စိတ်ချရတဲ့သူနဲ့ပေါ့နော်။ ဘတ်၉၀၀၀၊ ၁၀၀၀၀ဆိုလည်းပေးရမယ့် အနေထားမျိုးသွားဖြစ်တယ်။ ဘတ်၄၀၀၀၊ ၅၀၀၀နဲ့လုပ်ပေးနေတဲ့ ပွဲစားမျိုးနဲ့သွားချိတ်လိုက်တဲ့အခါ မသေချာပဲနဲ့အမှားယွင်း ဖြစ်မှာလည်းစိုးတယ်ပေါ့နော်။

DW ။ အခုဆိုရင်ဘတ်ရိုက်ပေးမယ်လို့ထုတ်ပြန်ထားပြီးအချိန်မှာ အာဏာပိုင်တွေရဲ့ဖမ်းဆီးမှု အခြေနေကရောဘယ်လိုရှိနေလဲ။

ဖြေ ။ ကျွန်တော်ဝန်းကျင်မှာတော့ ဖမ်းတာတွေ ဂိတ်ချတာတွေ သိပ်တော့မကြုံရသေးဘူးပေါ့နော်။ ဟိုတစ်လောကတော့ မြို့ထဲသွားတဲ့ဘက်မှာတော့ ဂိတ်ချပြီးတော့ ဖမ်းနေတာတော့ရှိပါတယ်။ ဒါပေမဲ့ဘာကိုဖမ်းတာလဲဆိုတာတော့မသိဘူးပေါ့နော်။

DW ။ ဘာကြောင့် အခြားနေရာတွေမှာ အဖမ်းအဆီးများနေတယ်လို့ထင်လဲ။ ဒီအပေါ်မှာရောဘာပြောချင်လဲ။

ဖြေ ။ အဖမ်းအဆီးများနေတာကတော့ တရားမဝင်ဖြစ်တဲ့အတွက်ကိုယ်ချင်းစာပါတယ်။ ကိုယ်တွေနိုင်ငံမှာဆိုလည်း ဒီလိုတရားမဝင်များရင် ပြဿနာတွေလည်း ပိုများတယ်။ ရာဇဝတ်မှုတွေလည်းပိုများနိုင်တယ်ပေါ့နော်။ ထိုက်သင့်သလောက် တင်းကျပ်သင့်တယ်လို့ ထင်ပါတယ် နားလည်ပါတယ်။ သူတို့ဘက်ခြမ်းကနေပြီးတော့ အခွန်ပေးပြီးမှ နေရမယ်ဆိုလည်း ကျွန်တော်တို့လည်းလုပ်ပါမယ်။ သူတို့တရားဝင်ဖြစ်အောင်လုပ်ပေးမယ်ဆိုရင်တော့ ကိုယ်တွေလည်း တရားဝင်ဖြစ်အောင်နေပါမယ်။

DW ။ ဘတ်အသစ်ရိုက်ပေးမယ့်အခြေအနေနဲ့ပက်သက်ပြီး အခြားဘာများဖြည့်စွက်ပြောချင်လဲ။

ဖြေ ။ ဘတ်ကိုဖြစ်နိုင်ရင်တော့မြန်မြန်လုပ်ပေးစေချင်တယ်။ Work Permit တွေကိုလည်း ကြားရသလောက်ကတော့Name List တင်ပြီးတော့ ၃လ ၊ ၄လ ကြာတော့ ။ အဲဒီအချိန်တွေကို တတ်နိုင်သလောက် မြန်မြန်လေးလုပ်ပေးရင်တော့ ကျွန်တော်တို့အနေနဲ့ ပိုကောင်းမယ်လို့ထင်တယ်။ သူတို့အနေနဲ့ကလည်း လုပ်ငန်းစဉ်တွေကလည်း ပိုမြန်လာမယ်။ ကျွန်တော်တို့အနေနဲ့လည်း အလုပ်လုပ်ရတာ ပွင့်ပွင့်လင်းလင်းနဲ့လွတ်လပ်မယ်။ သူတို့အနေနဲ့ လုပ်ငန်းစဉ်တွေကို မြန်နိုင်သမျှမြန်အောင် လုပ်ပေးတာ ပိုအကောင်းဆုံးဖြစ်မယ်လို့ ထင်ပါတယ်။

DW ။ ကျေးဇူးတင်ပါတယ်။